မနာလိုစိတ်နဲ့ အတွင်းကြေ ပြသနာ

◼️ မနာလိုစိတ်နဲ့ အတွင်းကြေ ပြသနာ


❑ မန္တလေးမြို့ဟာ Smart City သတ်မှတ်ခံရတဲ့ အထဲ ပါနေပြီလို့ သိရပါတယ်။ ၇၈ လမ်း တစ်လျောက်ညဘက် ကျုံးဘက်ကို သွားရင် မြင်ကွင်းတွေက စင်ကာပူနဲ့ ယှဉ်လို့ရတယ်လို့ ပြောကြပါတယ်။ကျွန်တော်သွားကြည့်တော့ လည်း သန့်ရှင်းသပ်ရပ်မှုကစ ကောင်းမွန်နေတာတွေ့ရပါတယ်။ မန္တလေး ကျုံးဘေးဟာ မီးရောင်ထိန်လင်းစွာနဲ့ ကြွေပြားတွေ ခုံတန်းလျားတွေနဲ့ အတော်ကို ကြည့်ကောင်းနေပါပြီ။ သဘောအကျဆုံး ဟော်တယ်ကတော့ ဆီဒိုးနား ပါ။ မြေနေရာ ရွေးချယ်ထားတာ သိပ်ကောင်းတယ်။ ဟော်တယ်ပေါ်ကနေကြည့်ရင် မန္တလေး တောင်ရော နန်းမြို့ရိုးကိုရော၊ ကျုံး ရေပြင် ကိုရော မြင်နေရပါတယ်။ ကျုံးထဲမှာ တိမ်ရိပ်တွေက ထင်ဟပ်နေပါသေးတယ်။ ဟော်တယ်လာတည်းခိုတဲ့ ပြည်ပ ဧည့်သည်တွေ ဟာ ကျုံးဘေးလမ်းက ဖြတ် လမ်းလျောက်ပြီး နန်းတွင်းထဲ ဝင်လေ့လာတတ်ကြပါတယ်။ ❑ ကျွန်တော် မန္တလေး...နန်းတွင်း က မြနန်းစံကျော် ရွှေနန်းတော်မှာ လျောက်ကြည့် လည်ပတ်နေတုန်း....လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား တွေထဲက အင်္ဂလန် က စုံတွဲကို ယဉ်ကျေးမှုဌာနက ဦးစီးအရာရှိ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးပြီး နန်းတော်အကြောင်း ရှင်းပြပေးပါလားဆို ပြီးအခွင့်အရေး ပေးဖူးပါတယ် ။

ကိုယ်ကလည်း တခါတ လေ ရင် native speaker တွေ နဲ့ စကားပြော ချင်တာ သူသိတာကိုး—-သူတို့ကလည်း ဝန်ဆောင်မှုမပေးရဘဲ Free ရတာဆိုတော့ အဆင်ပြေတာပေါ့။ပထမ အစ ဘုရင်နဲ့ မင်းညီမင်းသား ပရိတ်သတ် တွေ တွေ့တဲ့ ခန်းမဆောင် Audiences Hall တွေ ကစပြီး ရှင်း ပြဖြစ် တယ် ။ "ဒီဘက်က အမျိုးအဆွေတွေ၊ နန်းတွင်းအနီးကပ် ပါတ်သက်သူတွေ ( Realative person) တွေက ဒီဘက်က ၊သာမာန် လူတန်းစား ( Ordinary personal) တွေက ဒီ ဘက်က နယ်စား မင်းသား၊စော်ဘွား သူကြွယ် ( Prince) တွေ က ဒီ ဘက် က ဘုရင်နဲ့မိဘုရား ကို ခစားရပါတယ် ...မူးမတ်တွေထဲမှာ အစိမ်းရောင်နဲ့ အနီရောင်ဝတ်ရုံဆိုပြီး ခွဲထားတာတွေရှိပါတယ်...." ဆို ပြီး ကြားဖူးနားဝ သိသလောက် ရှင်းပြ.... ပြောပြပါတယ် ။ ❑ အဲဒီမှာ အင်္ဂလန်အမျိုးသမီးက

သူ ဆိုရင် ဒီ ဘက်မှာ ရိုးရိုးတန်းမှာပဲ…ဒီဘက်ခြမ်းမှာပဲ ပဲ ခစား ရမှာ ပါပဲ ဆို ပြီး ရယ်ကာ မောကာ ပြောပါတယ် ။
ထပ်ရှင်း ပြရင်းနဲ့
“စုဘုရားလတ် အကြောင်း ပြောဖြစ်တယ်
ဒီမင်းသမီးဟာ သီပေါဘုရင်ကို သိပ် ချစ်တယ် ဒါပေမယ့် မနာလို စိတ် jealous သိပ် ကြီးမားတယ်”
ဆိုတဲ့ အကြောင်း ပြောမိတော့
အမျိုးသမီးက ကပဲ ဝင်ပြောပြန်တယ်
“မှန်တာပေါ့…. သူ့လို ပဲ ကျွန်မတို့ မိန်းမသားဆိုတာ jealous ဝင်ကြတာပဲ”…. တဲ့ ။ဒါတော့ သူနဲ့တူတယ် လို့ပြောပါတယ်။ပြီးတော့ သူ့အဖော်မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ်” ❑ မိတ္တူပေးတာပဲလားတော့မသိဘူး။အင်္ဂလန် အမျိုးသားလူငယ်ကတော့ ပြုံး ပဲ ပြုံးနေရှာပါတော့ တယ် ။ သူတို့တွေကတော့ ရှင်းပြပေးတာတွေကို စိတ်ဝင်တစား နားထောင်ပါတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ (Very Interesting )လို့လည်း စကားထောက် ထောက်ပေးပါတယ်။ ကျွန်တော်က နန်းတော်ကြီးဟာ အင်္ဂလိပ်နဲ့ ဂျပန်စစ်ဖြစ် တဲ့အခါ ပျက်ဆီးသွားရတယ်လို့ ပြောတဲ့ အခါ အင်္ဂလိပ် အမျိုးသားက မျက်နှာ ကို လက်နဲ့ အုပ်ပြီး ရှက်လိုက်တာ လို့ပြောပါတယ်။ တကယ်ရှက်တာ ဟုတ်ချင်မှ ဟုတ်မှာပါ။ လူမှုရေး အရ အားနာ လို့ပြောတာလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်သိသလောက်တော့ အင်္ဂလန်သားတွေ အတော်များများ ဟာ သူတို့ အင်္ဂလန်ကိုပဲ အချစ်ဆုံးပါ။ ဟယ်ရီပေါ်တာ မှော်စိတ်ကူးယဥ် ဝတ္တုရေးသားတဲ့ စာရေးဆရာမ ဂျေကေ ရိုးလင်း တောင် သူ့ဝတ္တုကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတဲ့ အခါ သရုပ်ဆောင်တွေ အားလုံးက အင်္ဂလန်နိုင်ငံသားထဲက ပဲ ဖြစ်ရမယ်လို့ တောင်းဆိုတာတွေ ရှိပါတယ်။

❑ စုဖုရားလတ်ရဲ့ မနာလိုစိတ်ကလေးကို အကြောင်းပြုပြီး တွေးစရာတွေ များစွာဖြစ်ပေါ်လာပါတယ်။ တကယ်တော့ နေရာ ဒေသ ရာထူး အဆင့်တွေ ကွဲ ချင် ကွဲမယ် ။ချစ်တဲ့စိတ်ရယ် မနာ လို တဲ့စိတ်ရယ်တော့ လူတိုင်းမှာ ရှိတတ် ကြတာပါ ပဲ ။ ဒီစိတ်တွေနဲ့ အတူ မလုံမခြံုစိတ်‌ေတွ ဝင်လာတတ်တာလည်း သဘာဝ ပါ ပဲ။❑ မလုံခြုံစိတ်ကနေ သံသယတွေ မနာလိုစိတ်တွေဟာ ကူးလူးပြောင်းပြန်ဖြစ်ပေါ် နေတတ်ပါသေးတယ်။ အဲဒီအချက်‌ တွေကနေ ဒေါသတွေ ထွက်လာတာတွေလည်း ရှိပါတယ်။ စုဖုရားကြီးက ဘာသာရေးကိုင်းရှိုင်းတယ် ။ညနေ ဆိုရင်ဆီမီးပူဇော်တယ်၊ဆုတောင်းမေတ္တာပို့တယ်သိရတယ်။ ဒါပေမယ့် စုဘုရားလတ်အတွက်တော့ ဒါကို အချက်ပြတယ်လို့မြင်တယ်။ သီပေါမင်း အဆောင်ကနေလှမ်းမြင်နေရတယ်။ သီပေါမင်း သူ့အဆောင် ကိုကူးလာအောင် အထာပေးပြီးဖိတ်ခေါ်နေတဲ့ လုပ်ရပ်လို့မြင်တယ်။နောက်ပြီး ယတြာတွေ ဘာတွေ အစီအမံတွေ များ လုပ်နေရော့သလားလို့ ပါ သံသယဝင်တယ်။ကြားထဲမှာ ကုန်းချောသူ အပျိုတော်တွေလည်းရှိနိုင်ပါတယ်။ဒါကြောင့် စုဖုရားကြီးကို ကြိမ်နဲ့ ရိုက်နှစ်ဆုံးမစေသေးတယ်လို့ ဆိုကြတာတွေ ရှိပါသေးတယ်။ ❑ မန္တလေး နန်းတွင်းထဲဝင်မိရင် စုဘုရားလတ် နဲ့ သီပေါမင်း ထိုင်နေကျ နေရာလေးရှိတယ်။ အရင်ကအီတာလျံကျောက်ပြားတွေနဲ့ လုပ်ထားတယ်။ အပူခံအောင် ပေါ့။ အခုတော့ အင်္ဂလိထပ်-ဂျပန်စစ်မှာ ပျက်စီးကုန်ပါပြီ။အဖြစ်အပျက်လေးတစ်ခု သတိယမိတယ်.....

အရင်ကဆို သီပေါဘုရင် ကိုမြင်တာနဲ့ စုဖုရားလတ်က ထပြီး ခရီးဦးကြိုတယ်။ တစ်ခါတော့ မထဘူး။ အဝေးကို မျော်ကြည့်ရင်းငြိမ်သက်နေတယ်။

သီပေါဘုရင် က အနားရောက်တော့ နှမတော် မျက်နှာလည်း မကောင်းပါလား မောင်တော့်ကိုတောင် မကြိုတော့ဘူးလား မေးတော့ စုဖုရားလတ်က ဝုန်းကနဲ ထပြီး သီပေါဘုရင် ကို လက်သည်းတွေနဲ့ ကုတ်ခြစ်တယ်။ရိုက်နှက်တယ်။ ပီးမှ ပြေးထွက်သွားပြီး မြေကြီးပေါ် ဒူးထောက်ထိုင်ချလျက် ရင်ဘတ်ကို လက်နှစ်ဘက်နဲ့ စည်တီးထုနှက်ငိုကြွေးတယ်။” အမလေး ကြားလို့ကောင်းကြသေးရဲ့လား၊ကျွန်မျိုးနဲ့ ခွေးဇတ်ခင်းနေတယ်တဲ့” ။ ပြင်သစ် ရံရွှေတော် မတ်တီ က ရနောင်မောင်မောင်တုတ်ရဲ့ ကူညီမှုနဲ့ ခင်ခင်ကြီး ကို ညနေဘက်တွေမှာ နန်းတော်ထဲ မင်းသားတစ်ပါးလိုဝတ်စား ဝင်စေပြီး သီပေါဘုရင်နဲ့ အိပ်တယ်လို့ သတင်းပေးထားတာကိုး။ ခေတ်စကားနဲ့ဆို သီပေါဘုရင် ဂွမ်းတာပေါ့။ တခါတခါကျတော့လည်း သီပေါဘုရင် က ဓားနဲ့ လိုက်လို့ စုဖုရားလတ်ထွက်ပြေးပြီး မယ်တော့ အဆောင်ထဲ တံခါးပိတ် နေရလောက်အောင်ဖြစ်တာတွေလည်းရှိတယ်။ ဇတ်လမ်းကတော့ အစုံ ပါပဲ။ တက္ကသိုလ်စိန်တင် ရေးသားတဲ့ စာအုပ်တွေမှာ အတော်လေး အ သေးစိတ် ပုံဖော် ရေးသား ထားတာရှိပါတယ်။ ရတဲ့ အထောက်အထား တစ်ခုခု အပေါ်မှာ ဇာတ်အိမ်ဖွဲ့ မှန်းဆ ရေးတာမျိုး၊စာ‌ ရေးဆရာက ဉာဏ်ကွန့်မြူးရေးတာမျိုး လည်းပါ မှာပါ။

❑ ကိုယ်တွေက Background History ကို သိချင်လို့ ဖတ်ရင်းဖတ်ရင်း ဒီလို အသေးစိတ်ရေးထားတဲ့ ကိစ္စလေး တွေပါတဲ့ ရာဇဝင် မှော်ရုံတော ကို တိုးသထက်တိုးဝင်မိသွားတာပါ။ ဖတ်မိထားလို့ တော့ သိထားရပါတယ်။ဒါ ပေမယ့် အထောက်အထား အားမရတော့ နိုင်ငံခြား ဧည့်သည်တွေ ကို တော့ ပြော မပြမိဘူးလေ။ ပြောပြလို့လည်း မသင့်ဘူးထင်တယ်။ ဇာတိပုည ဂုဏ်မာန ဘာ… ညာ… ပေါ့။

ဖြစ်နိုင်ချေတွေတော့ ရှိပါတယ်။ လူသားတွေမို့ ရှုပ်ထွေးမှုတွေ၊ လောဘတွေ၊ စိတ် အလိုမကျမှု‌တွေ၊မနာလိုမှုတွေ ရှိနေမှာပါ။လူတွေ ဟာ နေရာတစ်ခုကို ရလာတဲ့ အခါမှာ တရားမျှတစွာရလာတာရှိမယ်၊မတရားနည်းနဲ့ ရတာတာတွေလည်းရှိမယ်။ဘယ်လိုနည်းနဲ့ ပဲ ရောက်ရောက် တစ်နေရာမှာ နေရာ ရပြီဆိုရင်တော့ ခိုင်မြဲအောင် လုပ်ချင်ကြတာချည်းဖြစ်ပါတယ်။ နောက်ပြီး ဒီနေရာကို အခြားလူ လာလုမှာလည်း စိုးရိမ်နေတတ်သေးတယ်။အလားအလာရှိသူ‌ တွေ၊သူ့ပြိုင်ဖက်တွေ ကို ပို မို သတိထား စောင့်ကြည့်နေတော့မှာဖြစ်ပါတယ်။နေရာ ရတဲ့ သူနဲ့ နေရာဖယ်ပေးလိုက်ရတဲ့သူ…..။ စိတ်အခြေအနေတွေ ဘယ်လို ရှိတတ်သလဲ။ဖယ်ပေးရတဲ့ သူတွေ မှာလည်း ပြင်းစွာသောအမုန်းတရား ရှိနေမှာပါ။ စုဖုရားကြီးကတော့ ဘယ်လောက်ထိ ခံစားနေရသလဲတော့ မပြောတတ်ဘူး။ဘာတွေ ကြံစည်နေသလဲဆိုတာတော့ ရေးသားတာ မတွေ့ရလို့ သိပ်မသိပါဘူး။သိမ်မွေ့သူ တဪားနဲ့ဖြေတတ်သူ ဖြစ်နေရင်တောင် မကျေနပ်မှု၊ မနာလို မုန်းတီးမှုတွေတော့ အနည်းနဲ့အများ ရှိနေမယ် ထင်ပါတယ်။❑ နေရာဖယ်ပြီး ထွက်ပြေးရတော့မယ့် ဘုရင်ခံ အကြောင်းလည်း စိတ်ဝင်စားစရာပါ။ ဂျပန်အတက် အင်္ဂလိပ် အဆုတ်ကာလ။ရန်ကုန်မှာ ။ဘုရင်ခံက အရူးထောင်က လူနာတွေလွတ်ပစ်တယ်။ အင်းစိန်အကျဉ်းထောင်က လူမိုက်တွေ ကို လွတ်ပစ်တယ်။ နောက် အုပ်ချုပ်တဲ့လူတွေ အခက်အခဲကြုံအောင်တဲ့။ဘုရင်ခံရဲ့ နောက်ဆုံး ညစာ စားပွဲမှာ ရှိသမျှဝိုင်ဖြူ ဝိုင်နီတွေ အကုန် သောက်ပစ်တယ်။မသောက်နိုင်ရင် သွန်ပစ်တယ်။ အမြည်းက သိုးသား။ အဲဒီသိုးက ခါတိုင်း ဘုရင်ခံက ပြတင်းတံခါးကကြည့်လိုက်ရင် မြက်ခင်းမှာ အေးအေးဆေးဆေး မြက်စားနေတဲ့ သိုးဖြစ်ပါတယ်။ ခုတော့ ချက်စားလိုက်ပြီ။‌‌ေနာက်လူ‌ တွေ ငါနှစ်သက်တာ ဘာမှ မရလိုက်စေရဘူး ဆိုတဲ့ သဘော။စားသောက်ပီးတဲ့ အခါ ခန့်ညားစွာ ချိတ်ထားတဲ့ ဘုရင်ခံ ရဲ့ ပုံတွေ ပန်းချီကားတွေ ကို အကုန်ရိုက်ခွဲ ဖျက်ဆီးခဲ့တယ်တဲ့။လူတွေရဲ့ သဘောသဘာဝ စိတ်ထားပါ။ ❑ အခုခေတ်မှာလည်း ရှိပါတယ်။ လူတွေဟာ သိသိသာသာရော မသိမသာရော ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။ ပြိုင်စရာ မဟုတ်တဲ့သူရော ဟုတ်တဲ့သူရော ကို ပြိုင်နေကြတာပါ။ မနေ့က ကိုယ်နဲ့ ဒီနေ့ ကိုယ်နဲ့ တိုးတက်လာဖို့ ယှဉ်ပြိုင်ရမယ့်အစား ဘေးဝန်းကျင်က လူတွေနဲ့ ပဲ ကျိတ်ပြိုင်နေကြပါတယ်။ ယှဉ်ပြိုင်ရင်း ငါ ဘယ်တော့ ရှုံးသွားနိုင်လဲဆိုတာ စိုးရိမ်စိတ်လည်း ဖြစ်နေတတ်ပါတယ်။ မလုံမခြုံစိတ်တွေလည်းဝင်လာတတ်တယ်။ ❑ ကိုယ်က ကားသစ် တစ်စီးဝယ်လိုက်တယ်။‌ နေလို့ထိုင်လို့‌ေကာင်းတယ်။ကျေနပ်နေတယ်။ နေရတာ အရသာရှိတယ်။ ဒါပေမယ့် သိပ်မကြာခင် ကိုယ့်အိမ်ဘေးကလည်း ကားသစ်တစ်စီးဝယ်လိုက်တာ တွေ့တော့"ဟိုက် သောက်ကျိုးနည်း ...ဒီကောင် ဘာမဟုတ်တာတွေ ရပြီးဝယ်ထားလဲမသိဘူး"ဆိုပြီး မလုံမခြုံ စိတ်တွေ စဝင်လာတယ်။ ဝယ်လိုက်တဲ့ ကားက ကိုယ့်ထက် မော်ဒယ်မြင့်နေတာကို သိလိုက်ရတော့ ပိုဆိုးသွားတယ်။ မနာလိုတော့ဘူး။ သိပ်ကြည့်လို့မရတော့ဘူး။ စဉ်းစားရင်း မုန်းတီးလာတယ်။ရင်ထဲမှာ တဖြည်းဖြည်း တင်းမာလာတယ်။

❑ ဒါတွေက ပုထုဇဉ်တွေမို့ ဖြစ်တတ်တဲ့ သဘောများသာဖြစ်ပါတယ်။ ဆရာတော် ‌ တွေက မလုံ ခြုံတဲ့ စိတ်အကြောင်းကိုယ့်ဘာသာ သတိထားမိပြီး ဆင်ခြင်နိုင်အောင် ပြောပြပေးတာတွေ ကြုံဖူးလို့ ပြန်မျှ‌ ဝေတာပါ။ဘာပဲဖြစ်ဖြစ် လူတိုင်းရှိတတ်တဲ့ မနာလိုစိတ်တွေ ကို သတ်နိုင်သမျှသတ်ရမှာပါ။ မေတ္တာ၊ဂရုဏာ၊မုဒိတာ ၊ဥပေက္ခာ ဆိုပြီး ရှိတယ်။ မေတ္တာ နဲ့ ဥပေက္ခာ ကို ခဏထား။ ဂရုဏာနဲ့ မုဒိတာ နှစ်ခုကိုပဲ ကျင့်သုံးကြည့်ပါ။ Buy two, get two free...တဲ့။ နှစ်ခု ဝယ်ရင် နောက်နှစ်ခု အလကားရမယ်ပေ့ါ။အခုလည်း ဂရုဏာနဲ့ မုဒိတာ၊သနားတာနဲ့ ဝမ်းမြောက်တတ်တဲ့ စိတ်လေးသာ တကယ်မွေးမြူတတ်အောင် အလေ့အကျင့် လုပ်ကြည့်ပါ။ ကိုယ့်ထက်အဆင်မ‌ ပြေဖြစ်နေသူ တွေ့ရင် သနားစိတ်မွေးပေးပါ။ ကိုယ့်ထက်သာတဲ့သူ တွေ့ရင်တော့ ဝမ်းသာ ပေးစိတ် မွေးလိုက်ပါ လို့ ပြောတာပါ။ဒီလို သာ ကျင့်သုံး ပွားများ စိတ်ထား တတ်လာရင် ဗြမစိုရ်တရား အားလုံးကို ရရှိလာမှာပါလို့ပြောပြပေးတဲ့ ဆရာတော် စကားကို ကြားယောင်မိပါတယ်။ ❑ အများကြီး‌ တော့လေ့ကျင့်ရဦးမှာပါ ။ဘဝမှာ ကျွန်တော်တို့ တစ်တွေ မနာလိုစရာတွေနဲ့ ကြုံ တွေ့ဖူးကြသလို ကိုယ့်အပေါ်ကို တစ်ဘက်သတ် မနာလိုဖြစ်နေကြတာတွေလည်း ကြုံဖူးရမှာပါ။ မနာလို မရှုစိမ့် တဲ့ အရာကို ကျွန်တော်တို့ ဖယ်ထုတ်တတ်လာရင် ကျွန်တော်တို့ ကိုယ်တိုင်ရော၊ နိုင်ငံအဆင့်အထိပါ အလွန်အကျိုးရှိမှာဖြစ်ပါတယ်။အချို့တလေ ဆိုရင် ကိုယ့်ဘဝကိုယ် တိုးတက်ရာတိုးတက်ကြောင်းဘာမှ မလုပ်ဖြစ်ဘူး။ ဘာဆို ဘာမှ မလုပ်ဘူး။မတီထွင်ဘူး။မစွန့်စားဘူး။မစမ်းသပ်ဘူး။ဘေးပါတ်ဝန်းကျင်က လူတွေ ဘာတွေ လုပ်နေကြသလဲ...ဘာတွေ အပုတ်ချရမလဲ ပဲ ....ဘယ်လို သူ့စိတ်ကို တိုက်ခိုက်ရိုက်ချိုးရမလဲ ဆိုတာတွေပဲ စိတ်ဝင်စားနေသူတွေ ရှိတတ်ပါတယ်။ဒါလည်း လူ့သဘောသဘာဝပါပဲ။ ❑ အခုခေတ်ဘက်တော့ ခေတ်စားတာက Facebook ပါ။ တစ်နေကုန် ပွတ်ပြီး သူများတွေရဲ့ ဘဝ တွေကို လိုက်ခံစားနေတတ်တယ်။ ဟာ သူက အဆင်ပြေနေတယ်။သူက နိုင်ငံခြားတောင်သွားနေရပီ။ သူ့မိသားစု တွေ အဆင်ပြေနေလိုက်တာ၊ ငါ့ကျတော့ သူတို့လို ပျော်စရာ မကောင်းပါလား စသဖြင့် အတွေးတွေ ဝင်လာစေပါတယ်။ အကုသိုလ်ကို တစ်နေကုန် မွေးမြူ စုဆောင်းနေတာဖြစ်ပါတယ်။သူများတွေ ဘာလုပ်နေသလဲ ဆိုတာ စပ်စု လိုစိတ်က ပိုများနေတတ်တာဖြစ်ပါတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ဝမ်းသာ ပေးလိုက်ပါ။ အဆင်မပြေတာ အမှုတွေများတာ မင်္ဂလာ မဖြစ်တာ တွေ ချည်း စိတ်ဝင်စား လိုက်ရှာကြည့်တာကနေ သူတို့ ပြသနာကနေ ကြာလာရင် ကိုယ့်ပြဿမျိုး ဖြစ်လာတတ်ပါတယ်။ စိတ်အလိုမကျမှုတွေ ခံစားလာရပါလိမ့်မယ်။

❑ Facebook တို့ Instagram တို့မှာ အပြစ်တင်လို့၊ကိုယ့်ကို မကြိုက်တာတွေ ပြောလို့ သတ်သေသွားတာတွေ အများကြီးပါ။ ကိုးရီးယား မင်းသမီး‌တွေလည်း ပါ ပါတယ်။ ဒါဟာ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်အခြေ အနေဟာ သူများတွေ အပေါ်မှာပဲ မှီခို လွန်းနေလို့ပါ။လူတွေဆိုတာ ကိုယ့်ကို ပဲ ချစ်ခင်နေကြတာ မဟုတ်ပါဘူး။ မချစ်မကြိုက်တာတွေ၊လက်မခံတာတွေ ရှိမှာပါ။ ကိုယ့်အပေါ် မနာလိုမုန်းတီးနေတာ တွေ ရှိမှာပါ။ ဒါကို ကျွန်တော်တို့ လိုက်ခံစားနေရင် ကျွန်တော်တို့နစ်နာဖို့ပဲ ရှိပါတယ်။ကျွန်တော်တို့ အပေါ် တစ်ကယ် ချစ်ခင်တဲ့ မိသားစုဝင်တွေ၊အကျိုးလိုလားတဲ့ ဆရာ သမားနဲ့ မိတ်ဆွေတွေ ရဲ့ ဝေဖန်အကြံပြုချက်တွေတော့ လက်ခံစဉ်းစားရမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ကိုယ့်ရဲ့ တိုးတက်ရေးကို အားမပေးလိုတဲ့၊အောက်ကိုကျအောင်ဆွဲ ချချင်နေတဲ့၊ လမ်းမှာ တွေ့ လိုက်တာနဲ့ သင့်အပြစ်တွေ အားနည်းချက် တွေကိုပဲ ရှာကြံ ပြောတတ်တဲ့၊ သင်အောင်မြင်တာ ဝမ်းသာမပေးနိုင်တဲ့ မိတ်ဆွေ အပေါင်းအသင်း တွေ ကိုတော့ ဥပေက္ခာ ပြုနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ ဘဝထဲက နေ ဖယ်ရှား ထားရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီလို လူတွေ နဲ့ ဝေးဝေး ရှောင်ရမှာဖြစ်ပါတယ်။ ❑ စာဖတ်သူ မိတ်ဆွေမှာရော ဘဝ မှာ မနာလို ဖြစ်ဖူးလား။ ချစ်သူ ရည်းစား လုဖက်နဲ့ ဖြစ်ဖြစ်ပေါ့။အလုပ်ထဲက လူနဲ့ ဖြစ်ဖြစ်ပေါ့။......?။ဖြစ်ဖူးမှာပါ။ သိပ်တော့ ပြသနာမရှိပါဘူး။လူပဲ လေ အရိယာမှ မဟုတ်သေးတာ။ဒါပေမယ့် အကုသိုလ်စိတ်တွေ အရမ်း မကြီးထွားလာအောင်၊ မနာလိုမှုက မိမိရင်ထဲအချိန်အကြာကြီးလွှမ်းမိုးစိုးမိုးမ နေအောင် ၊သူတစ်ပါးအ‌ ပေါ်မလုပ်သင့်တာကို မလုပ်မိအောင် ....မပြောမိအောင် နေနိုင်ခဲ့မယ်ဆိုရင် ၊ နောက်ပြီး.....ဒါဟာ စိတ်သဘောသဘာဝ တစ်ခုပဲဆိုတာ သိရှိ လက်ခံ နားလည် လက်ခံနေထိုင်မယ် ဆိုရင် ကိုပဲ သင်ဟာ လူကောင်းတစ်ယောက် ၊လူတော်တစ်ယောက် လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ လောကမှာ ဆိုးရွားတဲ့ ကိစ္စတွေ အများစု ဖြစ်ပျက်နေတာဟာလည်း မနာလိုစိတ်နဲ့ မလုံမခြုံခံစားနေကြရတဲ့ စိတ်ကနေစတင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ‌ဖြစ်တည် လာတတ်ကြလို့ပါ။အရင် ဆုံး ကိုယ့်စိတ်ထဲမှာ ခံစားနေရပါတယ်။တင်းကြပ်နေပါမယ်။ သူကတော့ သိချင်မှ သိမယ်။ ဖြူဖြူ ကျော်သိန်း ဆိုတဲ့ သီချင်းစာသားလိုပေါ့။ "ရင်မှာခံစား.......... သူမမြင်နိုင်ပေ....အသည်းထဲက ...အတွင်းကြေ "တဲ့။ သူကတော့ မသိ မမြင်နိုင်ပါဘူး။ကိုယ့်မှာတော့ ခံစားရတာ အတွင်းကြေနေပီလေ။ ❑ ပါတ်ဝန်းကျင်က လူတွေ အောင်မြင်ရင်၊ကောင်းတာမွန်တာ အကျိုးရှိတာ လုပ်နေရင် ဝမ်းသာ ပေးတတ်အောင် ကျွန်တော် တို့ စတင် လေ့ကျင့် ကြရတော့မှာ ဖြစ်ပါတယ်။ လူ‌ တွေအပေါ် ကြည်လင်စွာနဲ့ ဆက်ဆံတတ်ဖို့ လိုသလို သူတို့ရဲ့ ကောင်းကွက်လေး တွေလည်း အသိအမှတ်ပြု လက်ခံပေးကြရမှာပါ။ပုထုဇဥ်ဖြစ်လို့ ခက်ခဲနိုင်ပေမယ့် သတိထားပြီး ရုပ်လှဘို့၊နာရီကောင်းကောင်း ပတ်ပြီး ခန့်ထည် အောင် ကြိုးစားနေဘို့ ထက် ကျွန်တော်တို့ စိတ်နေစိတ်ထားတွေ ကို တဖြည်းဖြည်း ပြောင်းလည်းပေးခြင်းဖြင့် နှလုံးသားတွေ ကိုမို ကြည်လင် လှပလာအောင် ကိုယ်စီ တည်ဆောက်သွားကြရမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။ ရဲထွဋ်ခေါင် ၅.၉ ၂၀၁၉

Design a site like this with WordPress.com
Get started