ကြံရည်ချို ၁၅ ခွက်

ကြံရည်ချို ၁၅ ခွက်


🔷 Digital media မှာရော Print media တွေ မှာ ပါ မြင်တွေ့လာမိသလောက် တရားထိုင်ခြင်း Meditation ကို နည်းလမ်းကောင်းတစ်ခု အဖြစ်နဲ့ အသုံးပြုလာကြသူတွေ အကြောင်းလေ့လာရပါတယ်။ Buddha Teaching နဲ့ Buddha way ဆိုပြီး အသိအမှတ်ပြုကာ ဘာသာရေးအဓိက မဟုတ်ဘဲ စိတ်လေ့ကျင့်ခန်းတစ်ခု အဖြစ်နဲ့ လေ့ကျင့် နေကြတာလေ့လာဖူးပါတယ်။

🔷 ၂၀၁၇ လောက်ကစပြီး England က ချားလ်စ် မင်းသား ကလည်း တရားထိုင်ဖို့ အတွက် သဘောတူ ပြီး သူတို့နိုင်ငံက ဝန်ထမ်းတွေ ကျင့်သုံးကြည့်ကြဖို့ တိုက်တွန်းတာ ၊ ဗုဒ္ဓ စင်တာ တွေ ဖွင့်လာတာ တွေ့လာရပါတယ်။စစ်တပ်အပါအဝင်အစိုးရ အရာရှိကြီး တွေ၊ဝန်ကြီးဝန်ငယ်တွေ ၁၅၀လောက် ၊စစ်သား စစ်သမီး ၄၀၀၀ကျော်လောက် တရားထိုင်ခြင်းကို စိတ်ပါဝင်စား နေတယ်၊လေ့ကျင့်နေကြတယ် လို့ ဖတ်လိုက်ရပါတယ်။ ဘာလို့ အဲ လိုတွေကျင့် ကြံ လာကြလဲဆိုတော့ အခုခေတ် နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ အတွက် စိတ်ဖိစီးမှူ တွေ အတွက် တရားထိုင်ခြင်းက အသင့်တော်ဆုံးကုသခြင်းလို့ မှတ်ယူလက်ခံ လာကြလို့ ဖြစ်ပါတယ်။ တကယ် လက်တွေ့ဟုတ် မဟုတ် ဆိုတာတော့ ဒီနည်းလမ်းကို ကိုယ်တိုင်ကျင့်သုံးကြည့်မှ သိမြင်ခံစားလာနိုင်မှာ ဖြစ်ပါတယ်။

🔷ကျွန်တော် ဒီနေ့ပြောချင်တာက ဘာသာရေး မဟုတ်ပါဘူး။ ဘယ်ဘာသာကကောင်းတယ်မကောင်းဘူး လို့လည်း ပြောဆိုလိုခြင်းမဟုတ်ပါဘူး။ လူတိုင်းလွတ်လပ်စွာ ကိုးကွယ် ယုံကြည် နိုင်ကြတာ ဖြစ်ပါတယ်။ဘာသာတိုင်း ဘာသာတိုင်းမှာလည်း လူကောင်း နဲ့ လူဆိုးဆိုတာ ရှိနေကြမြဲ ဖြစ်ပါတယ်။ အခု ဆွေးနွေးတင်ပြချင်တာက ယခုခေတ် မှာ မြင်တွေ့ကြားသိနေရတဲ့ လူတွေ ရဲ့ စိတ်နေစိတ်ထားတွေ အကြောင်းဖြစ်ပါတယ်။ ယခုခေတ်မှာ သက်ငယ်မုဒိမ်းတွေ များလာတယ်။ အဖေရင်းက သမီးရင်းကို အဓမ္မကျင့်တာတွေ ကြားလာရတယ်။ လူတွေ ကိုယ့်ထက်သာမနာလိုဖြစ်လာကြတယ်။ ခြေထိုးကြတယ်။ အမြင့်ကနေ ဆွဲ ချဘို့ ကြိုးစားကြတယ်။ ကြမ်းတမ်းခက်ထန်လာကြတယ်။ အရင်ကထက် ရန်လို လာကြတယ်။

🔷 လေ့လာသူတွေ သုတေသီတွေ သုံးသပ်ချက်အရဆိုရင် ၁၉၈၀ လောက်က စပြီး လူ့ယဉ်ကျေးမှူ သမိုင်း ပြောင်းလဲသွားတယ်။ အဟုန်ဇောတွေ ပြင်းထန်ခဲ့ကြရတယ်။လူတွေ ဟာ စက်ရုပ်ဆန်လာတယ်။ နှလုံးသားမဲ့လာတယ်။အပြိုင်အဆိုင်ကို အားပေးတယ်။ အကောင်းဆုံး အတော်ဆုံး ဖြစ်ဖို့ နည်းလမ်းစုံ သုံးတယ်။ top ဆိုတဲ့ အပေါ်ဆုံး ရောက်မှ နေရာ ရလို့မယ်လို့ ယုံကြည်ကြတယ်။ ကလေးတွေ ဟာ ပြိုင်မြင်းလိုပဲ။ တော်တဲ့ သူတွေ ကလည်း တော်ပြီးရင်းတော်ချင်တယ်။စာမေးပွဲ ရလဒ် အဆင့်ကျသွားတာနဲ့. ရှိုက်ကြီးတငင်ငိုကြရတယ်။ ကလေးတွေ ကို ဘယ်တော့မှ မဆုံးနိုင်တဲ့ လောဘ ကွင်းထဲ ကို လောဘ သားကောင်တွေ အဖြစ် တွန်းပို့ခဲ့ကြတယ်။မိဘတွေ ကိုယ်တိုင်ပါပဲ။

🔷 အပြိုင်အဆိုင်တွေ၊ စိတ်ဖိစီးမှူတွေ နဲ့ လောကကြီး ကို ဘယ်လို ကျော်ဖြတ်မလဲ၊ဘယ်လို အနိုင်ယူမလဲ၊ ဘယ်လို အပြောင်မြောက်ဆုံးဘဝ တည်ဆောက်မလဲ ဆိုပြီး တက်ကျမ်း တွေ အပြိုင်အဆိုင်ရေးသားရင်း ၊ဖတ်ကြရင်း ခေတ်သစ် ကို ခါးစောင်းတင်မယ့် အပြိုင်အဆိုင်လူငယ်များ ကို ခေတ်ရေစီးနဲ့အတူ မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒီ လူတွေ ဟာ ယနေ့ အသက် ၄၀ ကျော် အသက်အရွယ် တွေ ရောက်နေကြပါပြီ။ အောင်မြင်ရေးအတွက် မျော်လင့်ကြိုးစားရင်း ရှုံးနိုမ့်မှူတွေ ကို ရင်ဆိုင်ရတဲ့အခါ အကြီးအကျယ် တုန်လှုပ်ခြောက်ခြားကြရပါတယ်။ စိတ်ကျရောဂါတွေ ခံစားနေကြရတယ်။🔷 အင်္ဂလန်မှာ နှစ် နှစ်ဆယ်ကျော် နေထိုင်ပြီး ဓမ္မအကြောင်းပို့ချဟောပြောပေးနေ ခဲ့တဲ့ Oxford ဆရာတော်က မိနိ့ကြားဖူးတယ်။ ကလေးတစ်ယောက် က သင်္ချာ ၅ပုဒ်တွက်ဖို့ရှိတယ်။ သုံးပုဒ်ပြီးသွားပြီ။ နှစ်ပုဒ်ပဲ ကျန်တော့တယ်။ ဒါပေမယ့် စိတ်ဖိစီးမှူရှိနေတယ်။ ပြီးခဲ့တဲ့ သုံးပုဒ်ကို appreciation မလုပ်နိုင်ဘူး။ မပီးသေးတဲ့ နှစ်ပုဒ်အတွက်ပဲ စိတ်ကရောက်နေတယ်။ လူငယ်တွေ ဟာ ဒီအတိုင်းဆို ဘယ်တော့မှ စိတ်ကျေနပ်မှူ ကိုရမှာ မဟုတ်ပါဘူး။ လူကြီးတွေ လည်း ဒီအတိုင်းပါပဲ။ တုတ်ရှည်နဲ့ ကြိုးချည်ထားတဲ့ မုန်လာဥ နောက်ကို လိုက်နေတဲ့ မြင်းလိုပါပဲ။ ဘယ်တော့မှ ပြီးဆုံးနိုင်မှာ မဟုတ်ပါဘူး....စသဖြင့် ဟောကြားထားတာရှိပါတယ်။ 🔷 ဆရာတော် က work shop တွေ ဆွေးနွေးပွဲတွေ မှာဆိုရင် ဗုဒ္ဓရဲ့ Teaching တင်မဟုတ်ပဲ ကမ္ဘာကျော် ဖီလော်ဆော်ဖာတွေ၊ စိတ်ပိုင်းဆိုင်ရာ လေ့လာသူ ၊ကျမ်းပြုသူ၊ သုတေသန ပြုလုပ်သူ နဲ့ စိတ်ပါရဂူကြီးတွေရဲ့ ရေးသားပြုစုထားတဲ့ စာအုပ်ပါ အကြောင်းအရာတွေ ထဲက စိတ်ဝင်စားစရာ လက်တွေ့စမ်းသပ်ဖော်ထုတ်ချက်တွေ ကိုလည်း ယှဉ်တွဲ နှိူင်းယှဉ် သုံးသပ်ဆွေးနွေးပေး‌ လေ့ရှိပါတယ်။ ကျွန်တော် ပြန်ဆက်စပ်ချင်တာက အနောက်တိုင်းစိတ်ဗေဒ ပညာရှင်တွေ က တရားထိုင်နည်းကို သုံးသင့်တယ်လို့မှတ်ချက်တွေ၊ ကောင်းမွန်တယ်ဆိုတဲ့ အယူအဆတွေ ယူဆ ဖြစ်ထွန်းလာလို့ ဖြစ်ပါတယ်။

🔷 လူတွေ ဟာ စနစ်တွေ အောက်မှာ အပြိုင်အဆိုင် ရှင်သန်ရုန်းကန်ရင်း ဘဝကိုကျော်ဖြတ်လာခဲ့ကြတာဖြစ်ပါတယ်။ အပြိုင်အဆိုင်တွေကြောင့် အားကစားတွေ၊ လူမှုဘဝစီးပွားတွေ တိုးတက် လာတာ ငြင်းလို့မရပါဘူး။ စိတ်အာရုံတွေ ထက်သန်နေမှ ၊ လေ့လာကြံဆ လိုစိတ်တွေ ကြီးမှ၊ တိုးတက်ကြီးပွားလိုစိတ်တွေ ရှိမှ တိုးတက်မှာပေါ့လို့ ပြောလို့ ရ ပါတယ်။ ဒါပေမယ့်…. ကျွန်တော်တို့ မျော်လင့်မထားတဲ့၊ထည့်တွက်မထားတဲ့ အဆင်မပြေမှူတွေ၊ ကျရှုံးမှူတွေ အတွက် လေ့ကျင့်မှူ မရှိခဲ့ကြတာ များပါတယ်။ အနိုင်ယူဖို့ ကို အရှိန်မြင့်တင် ကြိုးပမ်းချိန်မှာ တစ်ဘက်ကလည်း စိတ်ဓတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှူတွေ ၊ မကျေနပ်မှူတွေ ၊အလိုမကျမှူတွေ၊ဒေါသတွေ ကို ခံစားရရှိလာတာ ဖြစ်ပါတယ်။

🔷 စိတ်ညစ်ရင်ကြံရည်သောက်ပါ ဆိုတဲ့ အကြောင်းဖတ်ဖူးပါတယ်။ တခါက ခရီးသွားတစ်ဦးဟာ နွေ ကန္တာရ ကိုကျော်ဖြတ်တော့ မောပန်းလာတယ်။ စိတ်ပျက်လာတယ်။ အားအင်ချိနဲ့လာတယ်တဲ့။ ဇီးဖြူပင်လို အပင်မျိုးလေးတွေ့တော့ ခဏဝင်နားရင်းထိုင်လိုက်တယ်။ ပြီးရင်း ခါးကနေ ပါလာတဲ့ ကြံရည်ချိုလေးကို တစ်ကျိုက်မော့လိုက်တယ်။ ပြီးရင် ထပြီး ခရီးဆက်တယ်ပေါ့။ အဲဒီလိုပါ ပဲတဲ့…. ဝိပသနာတရားကို ကျင့်ကြံနေသူတွေ ဟာ တစ်ချက် တစ်ချက် ငြီးငွေ့တတ်ပါတယ်။ လေးလံတတ်ပါတယ်။ စိတ်မပါတာရှိတတ်ပါတယ်။အဲဒီ အခါကျရင် ကြံရည်ချိုနဲ့တူတဲ့ ဗုဒ္ဓဂုဏ်တော်တွေ ကို ပွားများ ကြည်ညိုပါ တဲ့။ ဘုရားကို ကြည်ညိုလေးစားစိတ်၊အကောင်းဓတ်တွေ ကူးလာတဲ့ စိတ်တွေနဲ့ ဝိပသနာ အလုပ်ကို အားအင်သစ်နဲ့ ပြန်လုပ်ဖြစ်လာနိုင်ပါမယ်… စသဖြင့်ဟောကြားရေးသားထားပါတယ်။ ရေးသားသူကတော့ ရဝေနွယ်(အင်းမ) ပါ။

🔷 ဒါကတော့ ဝိပသနာ ကျင့်ကြံအားထုတ်သူတွေ အတွက်တော့ အဆင်ပြေလောက်မယ့်နည်းလေးတစ်ခု လို့ ထင်ပါတယ်။ ဒါပေမယ့် ယနေ့ ကျွန်တော် ဆွေးနွေး တင်ပြချင်တာက သာမန် လူတွေ အတွက် ရည်ရွယ်ပါတယ်။ ကလေး လူငယ် လူလတ် လူကြီး အမျိုးမျိုးသော နေရာ အနှံ့အပြားက လူတွေ အတွက်ပါ။ tips လေးတွေ ဆိုပါတော့။ လှူဒါန်းဝေမျှနေချိန်မှာ လောဘတွေ ကင်းဝေးနေတယ်။ မေတ္တာပွားများနေချိန်မှာတော့ ဒေါသတွေ ပျောက်နေနိုင်တယ်။ ဘာဝနာ ပွားနေချိန်မှာတော့ မောဟတွေ ကင်းမဲ့ နေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဆိုတာ တစ်ချိန်မှာ တစ်ခုပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ကုသိုလ် စိတ်ဖြစ်နေချိန်မှာ အကုသိုလ်စိတ်မဝင်ဘူးပေါ့။ အကုသိုလ်စိတ် ဖြစ်နေရင်လည်း ကုသိုလ်စိတ် မဖြစ်နိုင်ဘူးပေါ့။ ဒီလို အဆုံးအမ အယူအဆလေးတွေကို လက်ခံပါတယ်။ 🔷 အဲဒီတော့ ကျွန်တော်စဉ်းစားတာက လောကကြီးမှာ လူတွေ ပျာယာခတ်နေကြတယ်။ ကလေး/လူကြီးပေါ့။ အတင်းလုရှာ အတင်းလုစားနေကြတဲ့ အဖြစ်ပျက်မျိုးတွေ တွေ့လာရတယ်။ နူးညံ့အေးချမ်းမှူ ၊စာနာသနားမှူ ဆိုတာတွေ ဟာ ပျာယာခတ်နေတဲ့ လောကကြီးမှာ တဖြည်းဖြည်း လျော့ပါးလာနေတယ်လို့ ခံစားရတယ်။ သနားကြင်နာမှူတွေ ၊ဆင်ခြင်တုံတရားတွေ၊နွေးထွေးတဲ့ မေတ္တာတရားတွေ မဲ့လာကြတယ်။ ကြမ်းကြုတ်သွေးဆာလာကြတယ်။ သက်ငယ်မုဒိမ်းတွေ ဖြစ်လာကြတယ်။ ကျွန်တော် ပြောင်းပြန်စဉ်းစားမိတယ်။ လောကမှာ သနားကြင်နာမှု၊အလိုက်သိမှု၊မေတ္တာထားမှု။ပေးကမ်းစွန့်ကြဲမှု၊ စာနာနားလည်မှူ နဲ့ တဘက်သားအပေါ် ကူညီမှုလေး တွေ သာ လုပ်ဖြစ်မယ်၊လုပ်သွားမယ်ဆိုရင် ခုနကပြောတဲ့ ဆန့်ကျင်ဘက် စိတ်နေစိတ်ထားတွေ လျော့ပါးထိမ်းသိမ်းနိုင်လာမှာပဲ လို့ ယုံကြည်မိပါတယ်။

🔷 အခုကျွန်တော် ဖော်ပြမယ့် ကိစ္စလေးတွေ ဟာ အသေးအဖွဲ လေးတွေ ဖြစ်ပါတယ်။ Reader Digest က ရေးသားထားတဲ့ အကြောင်းအရာလေးကို ဖတ်ရှူပြီး ကျွန်တော် နားလည်သလောက် မြန်မာလို ပြန်လည်ဖော်ပြမျှဝေပေးချင်တာ ဖြစ်ပါတယ်။ ခေါင်းစဉ်လေးကစ စိတ်ဝင်စားဖို့ကောင်းပါတယ်။ “သင်ဟာ သဘောကောင်း ကြင်နာပြီး ခင်မင်လေးစားစရာ လူတစ်တစ်ယောက်ဖြစ်ဖို့ အများကြီး အားထုတ်စရာ မလိုလှပါဘူးတဲ့။ “လူတိုင်း လုပ်နိုင်တဲ့ ကိစ္စလေးတွေ ဖြစ်ပါတယ်။ ကြင်နာ စာနာတတ်သူဖြစ်ဖို့ လွယ်ကူလုပ်ဆောင်စရာ အချက် ၁၅ချက် ဆိုပါတော့။ ကြံရည်ချို ၁၅ခွက်လို့လည်းတင်စားချင်ပါတယ်။ထူးခြားတာက ကိုယ်သောက်ဖို့ မဟုတ်ဘဲ သူများကို တိုက်ပြီးမှ ကိုယ်ကချိုတာကို တစ်ဖန်ပြန်ခံစားရမယ့် ကြံရည် ခွက်တွေ ဖြစ်ပါတယ်။ ကဲ…နည်းနည်းလေ့လာကြည့်ကြရအောင်….. _____________________ ၁။သူငယ်ချင်းမိတ်တွေတစ်ယောက် ကိုယ်တိုင် အပန်းဖြေ သက်တောင့်သက်သာရှိဖို့ စာအိတ်လေးတစ်အိတ်ထဲ လဘ္ကက်လို၊ရေချိုးဆပ်ပြာလို ဟာလေးတွေ ကို ထည့်ပြီး အိမ်ရောက်ရင် ဘယ်လို သုံးရမယ်ဆိုတဲ့ နည်းလေး ပါရေးပြီး သူ့အိတ်တစ်ခုခု ထဲ ထည့်ပေးလိုက်ပါ။ သူပြန်ရောက်လို့တွေ့ရင် သူဝမ်းသာမယ်။ အေးအေးဆေးဆေး relax လုပ်ဖို့ စိတ်ကူးရမယ်။ မိမိဘာသာ relax လုပ်ပြီးနေတတ်ဖို့ လိုနေတယ်။အဲဒီအလေ့အကျင့်လေး သူလည်း ရသွားနိုင်ပါတယ်။ ၂။သင့်မိဘကို ချီးမွမ်းစကားတစ်ခုခုပြောဆိုပါ။ အရင်ကေ ပြာပြီးသားလည်း ဖြစ်ပါလိမ်မယ်။ ဒါပေမယ့်ထပ်ပြောပါ။ သူ နည်းနည်း ရှက်သလို နေရင်နေလိမ့်မယ်။ ခဏနေရင် သူ့ မျက်နှာမှာ အပြုံးတွေ တွေ့ရပါလိမ့်မယ်။ တခါတရံမှာရိုးစင်းတဲ့ ချီးမွမ်းမှူဟာ အံမချီးအစွမ်းတွေရှိနေပါတယ်။ ၃။သင်တစ်နေရာ ကို လည်ပတ်သွားလာရင်း မိသားစုတစ်စု အမှတ်တရ ဓတ်ပုံ ရိုက်ဖို့ ပြင်ဆင်နေရင် ကျွန်တော်ရိုက်ပေးမယ်လေဆိုပြီး ကမ်းလှမ်းပါ။ သင်ကူညီရိုက်ပေးလိုက်ရင် သူတို့မိသားစု အကုန် ပါသွားမယ်။နောင်တစ်ချိန်မှာ မိသားစု ရဲ့ရွှေရောင်အမှတ်တရ တွေ ဖြစ်နေမှာပါ။ ၄။ကမ္ဘာကြီး အတွက် စဉ်းစားပေးပါ။ သင်သွားတိုက်ချိန်မှာ ရေဘားကို ပိတ်ထားပေးပါ။ကမ္ဘာမှာရေချိုတွေ ရှားနေလို့ အလဟသ မဖြစ်အောင် ချွေတာပေးပါ။ city mart စျေးဝယ်ရင် အခါခါ ပြန်သုံးလို့ရတဲ့ အဝတ်အိတ်မျိုးလေးတွေ ယူသွားပါ။ ပလစတစ် ရေဗူးတွေ ပွနေအောင်သုံးမယ့်အစား ရေတစ်ဗူးကိုပဲ ရေ အသစ် ဖြည့်ဖြည့် ပြီး သုံးပေးပါ။ ကမ္ဘာကြီးမျာ အမှိုက်တွေ နည်းနိုင်သလောက်နည်းအောင် ဂရုစိုက်ပေးပါ။ ကျွန်တော်တို့မှာ ကမ္ဘာတစ်ခုပဲ ရှိပါတယ်။ သူ့ကို သန့်စင်မှူနဲ့ ကာကွယ်မှူတွေ ပေးဖို့ လို‌ နေပါတယ်။ ၅။အိမ်ခန်းအသစ်ပြောင်းရွေ့လာမယ့်သူအတွက်အသုံးတည့်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေ တိပ်နဲ့ ရေးကပ်ထားခဲ့ပေးပါ။ မီးဖိုချောင်မှာဖြစ်ဖြစ်ပေါ့။ ပိုက်ပြင်သမားနဲ့ မီးပြင်သမား လို လိပ်စာလေး၊ပျက်ရင် ပြင်ဖို့ ခေါ်နေကျ ဖုန်းနံ ပါတ် လို မျိုးလေးတွေ ကိုထားခဲ့ပေးလိုက်ပါ။ အိမ်ပြောင်းလာကာစဆို အခက်ခဲရှိတတ်တယ်လေ။ ၆။ နာမည်ခေါ်ပြီးနုတ်ဆက်ပေးပါ။ သင့်ပါတ်ဝန်းကျင်မျာ သင့်ကို ကူညီပေးနေသူတွေရှိတတ်ပါတယ်။ တံခါးဖွင့်ပးသူပဲဖြစ်ဖြစ်၊ ပန်းခြံမာလီမှုးပဲ ဖြစ်ဖြစ်။သင့် အထုပ်ပိုးတွေ ကူသယ်ပေးသူဖြစ်ဖြစ်။city mart က casher ပဲ ဖြစ်ဖြစ်....သူ့နာမည်ကို ထုတ်ဖော်ခေါ်ပြီး နုတ်ဆက်ပေးခြင်းဖြင့် သူ့အလုပ်ကို လေးစားတန်ဖိုးထားပါကြောင်း ပြုမူဆက်ဆံပေးပါ။

၇။ မွန်းကျပ်ပြိးပင်ပန်းနွမ်းနယ်နေသူတွေ၊ဘဝအမောတွေ ကြားက နေထိုင်ရှင်သန်ရသူမိတ်ဆွေတွေ ကို ရယ်မောအောင် လုပ်ပေးပါ။ ဟာသ စာတိုလေးတွေ ရိုက်ပို့ပေးပါ။ ဘဝ အမောတွေ မှာ ရယ်ပြုံးမှူ ဟာ ဆေးတစ်ခွက်ပါပဲ။ ၈။ကလေး သူငယ်လေးတွေ ကို ပျော်ရွှင်စွာ ကစားရအောင် ကစားကွင်းလေးတွေ ပို့ပေးလိုက်ပါ။ သူတို့ ကို လုံခြုံစိတ်ချရတဲ့ ပန်းခြံကစားကွင်းလိုမျိုး၊ ပျော့ပျော့အိအိ ကစားကွင်းလိုမျိုး လေးမှာ ကစားပျော်ရွှင်စေဖို့ ကူညီပေးပါ။ ၉။ကားပေါ်၊ရထားပေါ်မှာ သင်ဖတ်ပြီးတဲ့ သတင်းစာလေးတွေ ဂျာနယ်လေးတွေ ကို နောက်လာထိုင်မယ့်သူတွေ ဖတ်နိုင်အောင်ထားခဲ့ပေးလိုက်ပါ။ နောက်ခရီးသည်တစ်ယောက်ဟာ သင်ထားပေးခဲ့တဲ့ စာစောင်လေးအတွက် ပြုံးရွှင်မိမှာသေချာပါတယ်။ ၁၀။ဝေးကွာနေတဲ့ မိတ်ဆွေတွေ ရာထူးတိုးတာ ဖြစ်ဖြစ်၊ မွေးနေ့ဖြစ်ဖြစ် အသိအမှတ်ပြုပေးပါ။ wish လုပ်ပေးပါ။ ဖြစ်နိုင်ရင် သူ့နေစာဖြစ်ဖြစ်၊ကော်ဖီဖြစ်ဖြစ် သူ့ဟာသူဝယ်စားသောက်လို့ရအောင် ငွေ လွဲပေးလိုက်ပါ ။ ၁၁။နေ့ရက်တွေ က ကြာပေမယ့် သက္ကရဇ်တွေ ကတော့ မြန်နေတတ်ပါတယ်ဆိုတဲ့ စကားလိုပါပဲ။ သင့်မိဘတွေ နဲ့ အဆက်သွယ် ဘယ်လောက်ပြတ်နေပြီလဲဆိုတာ တွေးကြည့်လိုက်ပါ။ ကြာနေပီဆိုရင် အခုပဲ ဖုန်းကောက်ဆက်လိုက်ပါ။ ဖုန်းဆက်လို့ ကသလို စာတို message လေးတွေ လည်း ပို့ပေးလိုက်ပါ။ အဆက်အသွယ် လုပ်ဖြစ်တာလည်း ဝမ်းသာပျော်ရွှင်စေပါတယ်။ ၁၂။မိတ်ဆွေ တွေ၊ဆွေမျိုးသားချင်းတွေရဲ့ အရေးပါတဲ့ ဘဝ အဖြစ်အပျက်တွေ ရှိလာတဲ့အခါ (ဥပမာ မွေးနေ့ဖြစ်ဖြစ်။နာရေးဖြစ်ဖြစ်) သူတို့ဆီကို online နဲ့ဝယ်လို့ရတဲ့ ပီဇာ လိုမုန့်မျိုး ပို့ပေးလိုက်ပါ။ ပီဇာ ပို့သူတွေ ဟာ ပြုံးရွှင်ဖော်ရွေ စွာနဲ့ ဆက်ဆံတတ်ကြပါတယ်။ ပို့ပေးတဲ့ ပီဇာ ကို ဝိုင်ထိုင်စားရင်း စိတ်ကျေနပ်မှူ ရရှိစေပါလိမ့်မယ်။ ၁၃။ကလေး အဝတ်ထည် အသုံးအဆောင်လေးတွေ မျှဝေ ပေးပါ။ သင့်ကလေး ဟာ အပတ်စဉ်၊လစဉ် ကြီးထွားနေတာပါ။ သိပ်တောင်မဝတ်လိုက်ရဘဲ မတော်တော့တဲ့ အင်္ကျီလေးတွေ ကို အခြား မိခင် ဖခင်တွေ ကို မျှဝေ လိုက်ရင် သူတို့အတွက် အသုံးတည့်စေပါတယ်။ ၁၄။တကယ်ကို လုပ်ငမ်းကျွမ်းကျင်ပြီး အခြားလူတွေ နဲ့ သိပ်ထိတွေ့မှူ မရှိတဲ့ ရောင်းရင်းကြီးတွေ ကို သင့်အိမ်မှာ ညစာဖိတ်ကျွေးရင် အတွေ့အကြုံတွေ ဖလှယ် ပြောကြားဆွေးနွေးတာ ဟာ နှစ်ဘက်စလုံးအကျိုးရှိစေပါတယ်။ ၁၅။ ဘပ်စ်ကား၊ရထား စီးတဲ့ အခါ မိသားစု တစ်စု တက်လာလို့ နေရာ အတူတူ ထိုင်ရဖို့ ခက်နေရင် သင် နေရာကို ပေးလိုက်ပါ။ဘယ်သူမဆို ကိုယိ့ရင်သွေးလေးတွေ နဲ့ အတူတူ ထိုင်ချင်ကြတာချည်းပါပဲ။

🔷 ရေးသားဖော်ပြခဲ့တဲ့ အချက် အလက် လေးတွေ ကို ကြည့်ရင် အရမ်းခက်ခဲတဲ့ ဟာ မပါပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တဲ့ ကိစ္စများသာဖြစ်ပါတယ်။ အချို့လည်း လုပ်နေကျ ဖြစ်နေတာ use to ဖြစ်နေတာတွေ ရှိနိုင်ပါတယ်။ မလုပ်ဖြစ်သူများအနေနဲ့လည်း အခြေအနေပေးလာရင်၊ကြုံကြိုက်လာရင် လုပ်ကြည့်စေချင်ပါတယ်။ ရယူပိုင်ဆိုင်ဖို့၊အသာရဖို့၊ အမြတ်စွန်းရဘို့ ကြိုးပမ်းနေကြတဲ့ ဒီကမ္ဘာကြီးမှာ ကိုယ်က ရယူတာ မဟုတ်ဘဲ အခြားလူအတွက် ဒီလို ဂရုစိုက် ကြင်နာမှူလေးတွေ ပေးခြင်းအားဖြင့် သူတို့ကျေနပ် ပျော် ရွှင်တာ ကိုကြည့်ပီး ကိုယ့်မှာလည်း ဝမ်းသာကျေနပ်မှူ ကို ပြန်ခံစားရတဲ့ အတွေ့အကြုံလေးတွေ ကို ခံစား ရယူစေလိုပါတယ်။

🔷 ဒီအမူအကျင့်လေးတွေ က ကူးစက်စေပါတယ်။ ပီတိကိုလည်းဖြစ်စေပါတယ်။ လူယဉ်ကျေးတစ်ယောက် အသွင်းလည်းဆောင်ပါလိမ့်မယ်။ Technology မှာ ခုန်ပျံကျော်လွား မှူ leap frog လုပ်လို့ ရနိုင်ပါတယ်။လူသားတွေရဲ့ Behaviour အမူအကျင့်စရိုက်တွေကတော့ ခုန်ကျော်လို့ မရပဲ တဖြည်းဖြည်းချင်း အဆင့်လိုက် အဆင့်လိုက် ပြောင်းလဲ တိုးတက်ကြရတာပါ။ အခုဖော်ပြတဲ့ အချက်အလက်တွေ နဲ့တင် ပြည်စုံ လုံလောက်မှု ရှိသွားပြီလို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ဒီထက်ကောင်းတဲ့ အဆုံးအမတွေ၊ သင်ကြားမှူတွေ၊စာပေတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအဝင် လူအများစုဟာ မနောကံ မေတ္တာတွေ ၊ဝစီကံ မေတ္တာတွေတော့ ရှိကြပါတယ်။ စကြာဝဠာ တိုက်တစ်သောင်းထိ ရည်မှန်းဖြန့်ကျက်ပြီး မေတ္တာတွေ ပို့နေပေမယ့် အိမ်အောက်က မွေးနေတဲ့ ခွေးလေးတွေကြောင့် နားညီးတယ်ကွာဆိုပြိး အဝေးကို ကားနဲ့တင်ပြီး စွန့်ပစ်ခဲ့မိတယ်ဆိုတဲ့ ဆရာမြသန်းစံရဲ့ ရေးသားထားတာလေးကို ပြန်သတိယစေပါတယ်။

🔷 ကာယကံ မေတ္တာ …ကိုယ်ထိလက်ရောက်စောင့်ရှောက် ကြင်နာမှူ၊ကူညီပေးမှု‌ လေးတွေ အားနည်းကြောင်းလည်း မိမိ ကိုယ်တိုင်ကိုယ်ကလည်း သတိထားမိလာပါတယ်။အခုကျွန်တော် အင်္ဂလိပ်စာ မတတ်တခေါက်နဲ့ နားလည်သလောက် ရေးသားချက်တွေ ၊နည်းလမ်းတွေ ဟာ လိုအပ်ချက်တွေ ရှိနေနိုင်သလို ယဉ်ကျေးမှုခြင်းမတူတဲ့ တိုင်းတစ်ပါးသားတွေ ရေးထားတာဖြစ်လို့ ကိုယ့်ဒေသ နေထိုင်မှုစနစ်တွေနဲ့ ဆီလျော်ချင်မှ ဆီလျော်မှာပါ။ ဥပမာ ပီဇာ အစား ဘိမ်းမုန့်၊ရေမုန့်တို့မုန့်ပြားသလက်တို့ ဖြစ်ချင်ဖြစ်နိုင်ပါမယ်။နောက်ပြီး ကိုယ်တွေစီမှာလည်း ၃၈ဖြာ မင်္ဂလာတို့၊ မိဘဝတ်၊သားသမီးဝတ် တို့ ဆိုတာ ရှိနေပြီးသားပါ။ 🔷 ဘာပဲ ဖြစ်ဖြစ် အခု တင်ပြတဲ့ ကြံရည်ချို ၁၅ခွက် လေးကို စိတ်ထဲ နှလုံးသွင်းရင်း၊ဒီသဘောတရားလေးတွေ ဒီစိတ်နေစိတ်ထား မျိုးလေးတွေနဲ့ ကိုယ့်ဝန်းကျင်ကလူတွေအတွက် လိုက်ပါ လုပ်ဆောင်ရင်း၊ မိမိ ကိုယ် ကိုယ်လည်း ကျေနပ်ပီတိဖြစ်စေရင်း.... ပိုမိုယဉ်ကျေးတဲ့ လူ့အသိုက်အဝန်းဆီ သွားရာမှာ တစ်ထောင့်တစ်နေရာကနေ အားဖြည့် ဆောင်ရွက်ရာ ရောက်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ကျေးဇူးတင်ပါတယ်။ ရဲထွဋ်ခေါင် ၁၄.၈.၂၀၁၉

Credit..JITTU… original facebook post

Refer.# Reader’s digest: Acts of kindness everyone can do.(by writer, Susan Spencer)
.#Oxford ဆရာတော်၏ “ပျော်နိုင်ရက်နှင့် ပျော်ဖို့မေ့နေသူများ”

ရဝေနွယ်အင်းမ ၏ “မင်္ဂလာအတွေးများ။

#

Photo credit. Internet.

Design a site like this with WordPress.com
Get started