ငြင်းပယ်ခံရမှာကို ကြောက်မနေပါနဲ့ ….

ငြင်းပယ်ခံရမှာကို ကြောက်မနေပါနဲ့ ….


❑ ကျွန်တော့ သမီး ခုနှစ် နှစ် အရွယ်ကို စမ်းသပ်တာ တစ်ခု လုပ်ပါတယ်။ ကုန် စုံဆိုင်တစ်ဆိုင်ကို ဝင်ပြီး Tissue box တစ်ခု ဝယ်ခိုင်းကြည့်ပါတယ်။ ငွေတစ်ထောင်ထည့်ပေးလိုက်ပါတယ်။ ကျွန်တော်က အပြင်ဘက် မလှမ်းမ ကမ်းကနေ စောင့်ကြည့်နေတာပါ။ သမီး ဆိုင်ထဲ ဝင်သွားပါတယ်။ ခဏနေတော့ ပြန်ထွက်လာပါတယ်။လက်ထဲမှာ tissue box ကလေး ကိုင်လို့။ ok သမီးတော်တယ် လို့ ပြောလိုက်တဲ့ အခါ သမီးက ကျေကျေနပ်နပ်ကြီးပြုံးနေပါတယ်။ဒါက အစပါ။ပြောကဲဆိုရဲအောင်၊လူတွေ ကိုကြောက်မနေအောင်လေ့ကျင့်ပေးချင်းတစ်ခုသာပါ။ နောက်ဆိုရင် လူတွေ ငြင်းဆိုတာ ခံရမယ့် အခြေအနေ၊အကူအညီမပေးတာ ခံရတဲ့ အခြေအနေတွေ အတွက်လည်း အတွေ့အကြံရအောင်၊ ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပေးရဦးမှာပါ။

❑ စင်ကာပူမှာ ငါးနှစ်သား ကလေးကို ကျောင်းသွားခိုင်းတဲ့ video clip ဟာ social network မှာ အတော်ရေပန်းစားပါတယ်။သွားနေကျနေရာတစ်ခုကို ကိုယ့်အား ကိုယ်ကိုး သွားခိုင်းတာပါ။ရထားနှစ်ဆင့် စီးသွားရတာဖြစ်ပါတယ်။မိဘကကင်မရာကိုင်ပြီး နောက်ကနေ လိုက်ရင်း ချောင်းရင်း video မှတ်တမ်းတင်တာပါ။တနေရာမှာ ကလေးက ငိုတယ်။ဒါပေမယ့် သူကြိုးစားပီးဆက်သွားတယ်။ လမ်းမှာ မသေချာလို့ ခရီးသွား တစ်ယောက်ကိုမေးတယ်။လမ်းညွန်တဲ့ အတိုင်း ဆက်သွားပါတယ်။နောက် ဆုံးရောက်သွားတယ်ဆိုပါတော့။ကလေးကို မိမိဘာသာ မိမိ ဘယ်လောက်ယုံကြည်မှုရှိလဲဆိုတာ စမ်းတာပါ။❑လူတွေ ဟာ အထူးသဖြင့် ကလေးတွေ လူငယ်တွေဟာ မေးမြန်း စုံစမ်းဖို့ ၊ ကိုယ်လိုအပ်တာ တောင်းဆို ဖို့ အလွန်စိတ်ပင်ပန်းတတ်ပါတယ်။ အလုပ်အကိုင် အခွင့်အလန်းနဲ့ ပါတ်သက်လို့ တောင်းဆိုလျောက်ထားဖို့ ဆိုရင် ပိုလို့ဆိုးပါတယ်။မသွားချင်ဘူး။မ‌ ပြောချင်ဘူး။မမေးချင်ဘူး လို့ ပြောကြတာများပါတယ်။ကျွန်တော်တို့လည်း ဒီလိုပါပဲ ။ဘာကြောင့်လဲ။

❑ လူ့ သမိုင်းနဲ့ ဇီဝ ကမ္မ ဖြစ်စဉ်ပြောင်းလဲတိုးတက်မှု တွေအရ Biofear ဆိုတာရှိပါတယ်။ မြွေဆိုရင် အရမ်းကြောက်တယ်။ ဘိုးဘွားတွေ ကတည်းက ကြောက်ခဲ့ကြလို့ပါ။ ကား ကျတော့ မြွေလောက် မကြောက်ကြဘူး။ ကမ္ဘာတစ်ဝန်းမှာ ကားတိုက်သေတဲ့ လူက မြွေကိုက်ခံပြီးသေတဲ့ အရေအတွက်ထက် အများကြီး ပိုများပါတယ်။ တောင်ကုန်းပေါ် ကုန်းမြင့်ပေါ် ရောက်လို့ အပေါ်စီးက ဆီးကြည့်လိုက်ရင် စိတ်အေးသက်သာ သလိုခံစားရပါတယ်။ စိတ်ချလုံခြုံသွားသလိုလည်းခံစားရတယ်။ လျှိုထဲရောက်တနတဲ့ ခံစားချက်နဲ့ မတူဘူး။ဒါကလည်း လူဟာမျောက်တွေ က ဆင်းသက်လာလို့ Biofear သဘော ဖြစ်တယ်လို့ စိတ်ပိုင်းဆိုင်ကာ ပါရဂူတွေ က မှတ်ချက်ပြုကြတာတွေရှိပါတယ်။

❑အခု ပြောပြချင်တာက လူတွေ ရဲ့ NO ဆိုတဲ့ ငြင်းပယ်မှာကို စိုးရိမ်တဲ့ စိတ်ပါ။ကမ္ဘာဦး‌ ကျောက်ခေတ်ကတည်းက ကျောက်လက်နက်တွေနဲ့ အမွေးရှည်ဆင်‌ တွေဘာတွေကို အမဲလိုက်ရတာ ရှိပါတယ်။လူတွေ စုစည်း နေထိုင်ချိန်မှာ အားအင်တက်ကြွလုံခြုံ စိတ်ချသလိုခံစားကပါတယ်။ အဖွဲ့ထဲ ကနေ ငြင်းပယ်ခံလိုက်ရပီ ဆိုရင်တော့ ဘဝပျက်ကြပီ။တစ်ယောက်တည်းရပ်တည်ရှင်သန်ရတော့မယ်။ သေလူဆိုတဲ့ သဘော ဖြစ်သွားတာပါပဲ။ အဲဒီတော့ ငြင်းပယ်ခံရ ရင် စိတ်အရမ်းထိခိုက် ကြရတယ်လေ။ အဲဒီ Biofear ဟာ အခုထိ လူတွေမှာ ရှိနေဆဲပါပဲ။

❑ငြင်းပယ်ခံရတာကို သိပ်ကြောက်ခဲ့တဲ့ လူတစ်ယောက်ရှိခဲ့တယ်။သူကတော့ Jia Jiang ဆိုတဲ့ တရုတ် အမျိုးသားတစ်ယောက်ရှိတယ်။Bill Gates နဲ့ တွေ့ပီးချိန်မှာ သူ့ထက်တော်သူဖြစ်အောင်ကြိုးစားမယ်ဆိုပြီး ကွန်ပျူတာ အသစ်တစ်လုံးဝယ်ကာ အမေရိက ကိုထွက်ခဲ့တယ်။ ကျောင်းတက်ရင်း တီထွင်စမ်းသစ်မှုတွေ လုပ်တယ်။တင်းနစ်ရိုက်တဲ့ ဖိနပ်မှာ ဘီးလေး တွေတပ်လိုက်ရင် အရမ်းကောင်းမှာပဲဆိုပြီး design တွေ ဘာတွေ ဆွဲတယ်။သူ့တီထွင်မှုအတွက် အားကိုးရနိုင်လောက်တဲ့ ထုတ်လုပ်သူတွေ ဆီ သွားတဲ့ အခါ အကြီးအကျယ်ငြင်းပယ်ခံလိုက်ရပါတယ်။ ငါးဦးလောက် ထိ ဆက်သွယ် တောင်းဆို ကမ်းလှမ်းတဲ့ပြီး အဆင်မပြေတဲ့ အခြေအနေကြောင့် ငြင်းပယ်ခံရတဲ့ ဘဝကို အရမ်းမုန်းသွားတယ်။တော်ပီကွာ မကြိုးစားနေတော့ဘူး ဆိုပြီး အံဆွဲထဲ ဖိုင်တွေ ထိုးထည့် သော့ခတ်ရင်း ကျောင်းပြန်တက်ခဲ့တယ်။ သူကျောင်းပီးတဲ့အချိန်မှာ ရင်နင့်စရာအဖြစ်အပျက် တစ်ခု ကြုံခဲ့ရတယ်။Roger Adams ဆိုတဲ့ လူငယ်တစ်ယောက်က သူနဲ့ အလွန်တူတဲ့ စိတ်ကူးတီထွင်မှုတွေနဲ့ ဘီးတပ်ထားတဲ့ ရှူးဖိနပ်ကို ထုတ်လုပ်ပြနိုင်ခဲ့ပါတယ်။ ယူကြုံးမရ ဖြစ်ခဲ့ရတယ်။ ငါ ဆက်ကြိုးစားရင် အကောင်းသားဆိုပီးနောင်တရခဲ့တယ်။ အဲဒီနေ့ ကစပြီး ငြင်းပယ်ခံရတဲ့ ဘဝကို အရွဲ့တိုက် ရင်ဆိုင်မယ် ။ လူတွေဘယ်လောက် ငြင်းမလဲ။ငြင်းစမ်း ။ငါလည်း ငြင်းပယ်ခံရခြင်းဆိုတာကြီးကို ကင်မခုန်အောင်နေမယ် ဆိုပြီး ရက် တစ်ရာ အငြင်းခံခြင်းစီမံကိန်းလုပ်တယ်။ blog တစ်ခု ဖွင့်ပြီး ရက်တစ်ရာ မှတ်တမ်းတင်မယ့်အကြောင်းကြေညာတယ်။သူ့ follower တွေ ကို ကတိပေးတယ်။သူလည်း မလုပ်မဖြစ်လုပ်မယ် ပေါ့။ လာစမ်းဟဲ့ နင်လား No ဆိုတာ။

❑ ပထမနေ့။ ဟမ်ဘာဂါဆိုင်သွားပြီး အပိုတစ်ခု မရဘူးလား မေးတယ်။ အရောင်းကောင်တာက မရပါဘူး လို့ တန်းပြောတယ်။ ဒာနဲ့ ခပ် သုတ်သုတ် လစ်ထွက်လာတယ်။ ဒီနေ့ တစ်ခု အငြင်းခံခဲ့ နိုင်ပီပေါ့။ online တင်တယ်။ လူတွေ စိတ်ဝင်စားလာတယ်။

❑ ဒုတိနေ့။ ဒီနေ့တော့ ဘာလုပ်ရင် ကောင်းမလဲ ဘာတောင်းဆိုရင်ကောင်းမလဲ စဉ်းစားတယ်။ လုံခြုံရေးဝန်ထမ်းတစ်ဦးဆီသွားပြီး ဒေါ်လာတစ်ရာ ချေးပါလား လို့ ပြောလိုက်တယ်။ ချေးမပေးနိုင်ပါဘူးကွာ လို့ ပြောလိုက်တယ်။Jiang လည်း တခါတည်းတန်းလစ် တယ်။ ဒါပေမယ့် ထူးခြားတာက လုံခြုံရေးဝန်ထမ်းကြီးက လှမ်းမေးတယ်။ မင်းဘာအတွက် လိုနေတာလဲ တဲ့။ သူပြန်မဖြေနိုင်ဘူး။အဲလောက် သတ္တိ နဲ့ ခွန်အား မရှိသေးဘူးလေ။ဒါပေမယ့် သူ့ဘဝမှာ no လို့ငြင်းပယ်ခံရပေမယ့် ဘာကြောင့် လိုအပ်တာလည်းဆိုတာကို အမေးခံလိုက်ရတယ်။ သိပ်တော့ မဆိုးဘူးပဲ။ ❑ အဲ လိုနဲ့ တစ်ခုပြီးတစ်ခု ငြင်းပယ်ခံရအောင် မဖြစ်နိုင်တာတွေ လျောက်မေးပါတယ်။ ကြာတော့ သူ အတော်အတန် ခံနိုင်ရည်ရှိလာတယ်။ မကြောက်တော့ဘူး။ခင်ဗျားတို့ ကြိုက်သလောက်ငြင်း ။ကျုပ်ဂရုမစိုက်ဘူးဆိုတဲ့သဘောပဲ။ အငြင်းခံရပေမယ့် နောက်ဆက်တွဲ မေးခွန်း...ဘာလို့ လုပ်မပေးနိုင်ရတာလဲ ကိုပါ ခပ်တည်တည် မေးလာတတ်တယ်။ နောက်တစ်ဆင့်တက်လာပြီး ကျွန်တော်က ဘာအတွက် လိုနေလို့ပါ။ခင်ဗျားကူညီပေးလို့မရဘူးလား။တောင်းဆိုတာ အပြည့်အဝမဖြစ်နိုင်ရင်တောင် ဘယ်လိုလေး လုပ်ပေးလို့မရဘူးလား စသဖြင့် စိတ်ရှည်ရှည်နဲ့ တုန်လှုပ်မှုမရှိဘဲ ဆက်လက်ဆွေးနွေးနိုင်စွမ်းတွေ ရှိလာပါတယ်။နောက်ပိုင်း ရက်တစ်ရက်မှာ ဒိုးနပ် ဆိုင်ကို သွားပါတယ်။ အရောင်းဝန်ထမ်းကို မဖြစ်နိုင်တာ တစ်ခု၊သေချာပေါက် ငြင်းဆိုနိုင်တာ တစ်ခု တောင်းဆိုလိုက်တယ်။ အဲဒီအချိန်က အိုလံပစ် အားကစား ကျင်းပခါနီးဆိုတော့ အိုလံပစ် သင်္ကေတကို သတိယပြီး တောင်းဆိုလိုက်တယ်။ ကျွန်တော့်ကို အိုလံပစ်ပုံစံ အကွင်းကါးကွင်းလောက် ဆက်ထားတဲ့ ဒိုးနပ်မုန့် ရနိုင်မလားလို့ ခပ်တည်တည် တောင်းဆိုလိုက်တယ်။ အရောင်းစာရေးက သူ့ကို သေချာကြည့်ပီး သူ့မန်နေဂျာအခန်းထဲ ဝင်သွားတယ်။ခဏနေတော့ ထွက်လာပြီး လုပ်ပေးပါ့မယ်။စောင့်ပေးပါလို့ ပြန်ပြောလာပါတယ်။ သူအရမ်း အံ့ဩသွားတယ်။ ငြင်းပယ်တာတွေကို မကြောက်ဘဲ တည့်တည့်ရင်ဆိုင်တော့လည်း ခံနိုင်ရည်တွေ တိုးတက်လာတဲ့ အပြင် အခုဆို မထင်မှတ်တဲ့ သဘောတူမှု တွေ ၊တုန့်ပြန်ချက်တွေ ရ ရှိလာခဲ့ပါပြီ။ ❑ အချုပ်ပြောရ ရင် လူတွေဟာ ငြင်းပယ်တတ်တဲ့ သဘောရှိပါတယ်။ဆန်းသစ်မှူ တီထွင်မှု တွေကို လူတွေ လိုလားပေမယ့် ငြင်းပယ်တတ်တဲ့ သဘောသဘာဝရှိကြောင်း Jennifer Mueller ဆိုတဲ့ Pennsylvania တက္ကသိုလ်က စိတ်ပညာရှင်တစ်ဦးရေးထားတဲ့ စာအုပ်ကို Jiang က ဖတ်မိပြီး သူဒီစာအုပ်ကိုစောစောဖတ်ဖြစ်ရင် သူ့တီထွင်မှု အောင်မြင်မှာ လို့ သဘောပေါက်သွားပါတယ်။

❑ လူတိုင်းအငြင်းခံနေကြရနိုင်ပါတယ်။Steve Jobs လည်း apple စထုတ်ဖို့ လုပ်စဉ် သံသယ အမေးတွေ အငြင်းတွေ ကြုံခဲ့ရတာပါပဲ။J.K Rowling ကလည်း ဟယ်ရီပေါ်တာ ဝတ္တုစာအုပ်ကို ထုတ်ဝေရေး ကုမ္ပဏီ ပေါင်း ၂၀ ရဲ့ No ဆိုတဲ့ ငြင်းပယ်မှုကိုခံပြီးမှ ၂၁ခုမြောက် ကုမ္ပဏီကျမှ ထုတ်ဝေဖို့ လက်ခံခဲ့တာဖြစ်ပါတယ် ။

❑ ကျွန်တော်လည်း စာမူတွေ ပို့ဖူးပါတယ်။ လက်ခံတာ ရှိတယ်။လက်မခံတာရှိတယ်။ အချို့ဆို အကြောင်းတောင်မပြန်ဘူး။အချို့ဆို ရွေးပါတယ် လို့လည်း စာမပြန်ဘူး။ကိုယ်တိုင်ဖတ်မိတော့မှ ရွေးထားပါလား သိရပါတယ်။ ပြောရရင်တော့ ငြင်းပယ်တာ အများကြီးခံရနိုင်ပါတယ်။No တွေ အများကြီး ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့ စဉ်းစားတွေးခေါ်တာ ကြံဆတာတွေ မကောင်းလို့ လို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ သူတို့ သေချာ နားမလည်နိုင်သေးတာ ၊အာရုံမရသေးတာ တွေလည်းရှိနိုင်ပါတယ်။ အချိန်ကိုက် နေရာကိုက် ‌မဖြစ်သေးတာတွေလည်း ရှိနိုင်ပါတယ်။ငြင်းပယ်ခံရ ရင်တောင် အခြား နည်းလမ်းတွေပြောင်းသုံးပြီး ကိုယ့်ဝါသနာကို အကောင်အထည်ဖော်လိုစိတ် ကို ပိုမိုအားပေး ကြိုးစား သွားသင့်ပါတယ်။

❑ ကျွန်တော်တို့ ကြိုးစားမှုတွေ ကိုမရပ်ဖို့လိုပါတယ်။ No လို့ ငြင်းတာကို ခံစားမနေဖို့ လိုပါတယ်။ စိတ်မပျက်ဖို့ လိုပါတယ်။ ကိုယ့်ဘက်က သေချာကမ်းလှမ်းရမယ်။ယဉ်ကျေးရမယ်။ဘာကြောင့်ဆိုတာတွေ ပြောပြဖို့ ကိုယ့်ခေါင်းထဲမှာရှိနေရမယ်။ အချို့ဆို ကိုယ် မသန်မစွမ်းဖြစ်နေမှ ရေးထားတဲ့ စာအုပ်တွေ “ထ” ပေါက်နေတယ်။အဲဒီလူဆိုရင် သေတမ်းစာမှာ‌ ရေးခဲ့တယ်။သူ့အုတ်ဂူမှာ စာတမ်းထိုးပေးဖို့။ “မကြိုးစားနဲ့”တဲ့။ မသေခင် တစ်ဘဝလုံး ရေးသားလာရတာ သေခါနီးမှ ပဲ လူတွေ ကြိုက်ကြရလားဆိုပီး နာကျည်းတာဖြစ်ပါတယ်။ဒါနဲ့ပါတ်သက်ပြီး Mark Mason ရေးသားဖော်ပြထားတာ တွေရှိပါတယ်။တခါတခါ မှာ ထိုးမယ့်ဆင် တစ်လှမ်းဆုတ်ရမယ်။ နောက်လှည့်တော့ ထွက်မပြေးရဘူး။ဗျူဟာပြောင်းသင့်ရင် ပြောင်းကြရမယ်။ ဇွဲ နဘဲ ကောင်းဘို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

❑ ကျွန်တော်တို့ ကလေးတွေ ကို ဒီမျိုးစေ့ကို ချထားပေးချင်ပါတယ်။ သားသမီးတွေ ဟာ ဘဝမှာ No ဆိုတဲ့ ငြင်းပယ်မှုတွေနဲ့ ကြုံရတိုင်း ယူကြုံးမရဖြစ်ပြီး ဝမ်းနည်း ကြေကွဲမနေဘဲ ခံနိုင်ရည် ရှိဘို့ လိုပါတယ်။ ဘဝမှာ Yes ချည်း တရားသေ မရနိုင်ပါဘူး။ No လို့ ပြောခံရတိုင်း ဝမ်းနဲ တတ်တဲ့ စီတ်ဓတ်ကျတတ်တဲ့ စိတ်တွေကို ခံနိုင်ရည်ရှိအောင် ရင့်ကျက်အောင် မိမိကိုယ်တိုင်ရော ၊ကလေးတွေ ကိုရော လေ့ကျင့်ပေးသွားရဦးမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။ရဲထွဋ်ခေါင် ၂၁.၈.၂၀၁၉

စာကြွင်း


( မကြာသေးမီကကိုးရီးယား အဆိုတော် စူလီ ဆိုတဲ့ မိန်းမချောလေး ဟာ ချစ်ခင်သူ အင်မတန်များပေမယ့် သူ့ကို မခံမရပ်နိုင်အောင် အပြစ်တင်ပြောဆိုတာတွေ ကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ ကြားသိလိုက်ရပါတယ်။ လူတွေရဲ့ ဆန့်ကျင်တာ၊ငြင်းပယ်တာ တွေကို သိပ်ကြောက်နေ၊သိပ်ဂရုစိုက်လွန်းနေရင် မဖြစ်သင့်တာတွေ ဖြစ်ရတယ်ဆိုတာ ကျွန်တော်တို့ သင်ခန်းစာ ယူစရာပါ ။အခုခေတ်လူငယ်တွေကို ပါးနပ်လိမ္မာတဲ့ Smart လူငယ်တွေ ဖြစ်စေချင်ပါတယ်။)

Design a site like this with WordPress.com
Get started