လူတွေ ‌အရည်အချင်းရှိ မရှိ ဘာလုပ်ကြည့်ရင်သိနိုင်မလဲ

ပြောင်းလဲလာတဲ့ ခေတ်အဆင့်ဆင့်မှာ ယဉ်ကျေးမှု ရေချိန်မြင့်လာတာ နဲ့ အမျှ နိုင်ငံရေးစနစ်တွေ ပါ တိုးတက် ဖြစ်ထွန်းလာကြတယ်။

လက်ရှိ နေရာ ရ ပြီး လုပ်ကိုင်နေသူအားလုံးဟာ တော်တယ်လို့ပြောလို့မရဘူး။‌ေတာ်သူလည်းပါမယ်။ညံ့သူလည်းပါမယ်။ တချို့လည်းတော်မလိုလိုနဲ့ ညံ့တာရှိတယ်။ တချို့လည်း ညံ့မလိုလို နဲ့ လူတော် ဖြစ်နေတာ ရှိနိုင်တယ်။

နိုင်ငံအသီးသီးမှာ သူတုိ့နိုင်ငံအလိုက်ရွေးချယ်ရမယ့် လူ ဘယ်လောက်တော်လဲ ဆိုတာ သက်ဆိုင်ရာ နိုင်ငံ စံနှုန်း‌တွေ ၊စနစ်တွေ နဲ့ အကဲဖြတ်ကြတာပေါ့။

အဲဒီအထဲမှာ အမေရိကန်နိုင်ငံ ရဲ့ သမ္မတလောင်းတွေ စကားစစ်ထိုးခိုင်းတဲ့ကဏ္ဍကို သဘောကျတယ်။ စကားစစ်ထိုးတဲ့ သမ္မတ လောင်းနှစ်ယောက်ကို ဒိုင်လုပ်မယ့်ဝါရင့် ဒိုင်လူကြီးကလည်း ရှိသေးတယ်။ သူ့အမေးတွေ အတို့အထောင်တွေ၊ ထောင်မြောက်‌ေပးတာ၊ပြန်ရိုက်ချတာတွေကလည်း “ဇ “မရှိရင် သေသွားလောက်တယ်။

သမ္မတကို တိုက်ရိုက်တင်မြောက်တဲ့ တကယ့်သမ္မတ စစ်စစ် ရွေးချယ်ရေးမှာ ပြည်သူတွေက သမ္မတလောင်းတွေ ကို အကဲဖြတ်ဖို့ လိုတယ်။ စကားစစ်ထိုးပွဲတွေ ဟာ ပြည်သူတွေ အတွက် အကောင်းဆုံး အကဲဖြတ်လို့ ရတဲ့ အနေအထားပါပဲ။ အမေရိကန်မှာဆိုရင် Super Tuesday ဆိုတဲ့ (အင်္ဂါနေ့မှာလုပ်လို့) ရွေးကောက်ပွဲတွေ လုပ်ကြတယ်။ပြိုင်ကြဆိုင်ကြရတယ်။

စကားစစ်ထိုးပွဲ Debate တွေ ကနေ ဘာတွေ ကို အကဲဖြတ်နိုင်လဲဆိုတော့ ကိုယ်ရည်ကိုယ်သွေး၊ အပြောအဆို၊ အတွေးအခေါ်၊ အယူအဆ၊ စိတ်နေသဘောထား စတာတွေ ကို သုံးသပ်လို့ရတယ်။ လူဆိုတာတော့ ဟန်ဆောင်ကောင်းတဲ့ သတ္တဝါပဲ။ ဟိတ် ဟန်အပြည့်နဲ့ ပြောဆို ပြနိုင်ကြပါတယ်။ အရေးကြီးတာက သူစွဲကိုင်ကျင့်သုံးမယ့် ပေါ်လစီပဲ။ ဘယ်လိုတွေ Reform လုပ်မလဲဆိုတဲ့ သူ့ရဲ့ အာဂျင်ဒါ ကို အကဲဖြတ်မိဖို့ လိုတယ်။ သမ္မတလောင်းဟာ အတော့်ကို ကြိုးစား ပမ်းစား စည်းရုံးရ သလို အောင်မြင်သွားရင်လည်း ပြည်သူက ပေးတဲ့ ဗီတို အာဏာာမျိုးထိပါ လွှတ်တော်ကို ဂရုမစိုက်ပဲ ကျင့်သုံးနိုင်တဲ့ အခွင့်အရေးတွေ ရယူနိုင်တာပေါ့။

လွှတ်တော်ကလည်း ပြန်ကန့်ကွက်နိုင်တာမျိုးတွေရှိတယ်။ သမ္မတက ဒါကို ပြန်ကျော်လို့ရတဲ့လမ်းလည်းပေးထားတယ်။ Veto Game လို့လည်း ခေါ်ကြတယ်။

အာရှအပါအဝင် ဖွံ့ဖြိုးစ နိုင်ငံတွေ ကျတော့ သမ္မတ ကို တိုက်ရိုက်ရွေးဖို့ ခက်တတ်တယ်။ အဲလောက် နိုင်ငံရေးအရှိန် အားမကောင်းမစည်ပင် မရင့်သန်ကြ‌သေးဘူးလို့ သုံးသပ်တာလည်း ပါမယ်။ တိုက်ရိုက်ရွေး ပြီး လွတ်တော်ရဲ့ ဩဇာကနေ လွှတ်အောင် လုပ်ဖို့ မလွယ်သေးဘူး။

ဒါကြောင့်လည်း လွှတ်တော်ကနေ ဝန်ကြီးချုပ်ခန့်တဲ့ လမ်းကြောင်းထက် သမ္မတ ကို ခန့်လိုက်တဲ့ လမ်းကြောင်းဖြစ်လာတယ်လို့ ယူဆပါတယ်။ သမ္မတမှာဗီတိုလည်း မရှိဘူးပေါ့။ ပေးမထားဘူး။ မျှတော့မျှပါတယ်။

ဟုတ်ပြီ။ ဒါဆိုရင် သမ္မတနဲ့ နောက်ထပ် ခန့်လိုက်တဲ့ ဝနိကြီးတွေ ရဲ့ အရည်အချင်းကို ပြည်သူတွေ ဘယ်လို ခန့်မှန်းသုံးသပ်မလဲ။ ဒါလည်းမရတော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးပြီး ရင် နောက်ထပ်ရွေးတာတွေကို လွှတ်တော်ကပဲ ဆက်လုပ်သွားလိမ့်မယ်။ ပြည်သူ့တာဝန်က မဲပေးတဲ့ ကာလ ပြီးရင် လြပ်စရာ သိပ်မရှိတော့ဘူး။

ဒီလို အခြေ အနေမှာ အစိုးရ အဖွဲ့က ခန့်လိုက်တဲ့ ဝန်ကြီးတွေ နဲ့ သမ္မတကြီးတို့ ကို ခန့်အပ်ပြီးတဲ့ နောက်ပိုင်း ပြည်သူတွေ ရုပ်လုံးဖော်လို့ရတဲ့ လမ်းကြောင်းတစ်ကြောင်းတော့‌ရှိတယ်။

အဲဒါက အင်တာဗျူး ကဏ္ဍပါပဲ။ ဒီအကြံကို ဘာလို့တွေးမိလဲဆိုတော့ ဆရာတော် ရှင်‌စန္ဒာဓိက ရေးတဲ့ စာအုပ်မှာဖတ်ဖူးလိုက်တယ်။ ဘုရားက ဓမ္မစကြာတရားတော် နဲ့ အနတ္တလက္ခဏသုတ် ကို အမေးအဖြေနဲ့ ဟောတာ။ တစ်ဘက်သတ်ဟောတာ မဟုတ်ဘူး။ အမေးအဖြေဆိုတော့ အင်တာဗျူး လိုပေါ့ တဲ့။ ပိုရှင်းလင်းပြီး ပို သဘောတူကြ ဝမ်းမြောက်စေတဲ့ နည်းလမ်းတဲ့။ ဆရာတော်က ရင်မှာမြူးတဲ့ အင်တာဗျူး လို့ တောင် အမည်တပ်လိုက်သေးတယ်။

ကျွန်တော်လည်း ဆင့်ပွား အကြံတစ်ခုရလိုက်တယ်။အစိုးရ အကြီးပိုင်းတွေ ကို အင်တာဗျူး များများ လုပ်ပေးရင်ကောင်းမယ်လို့ ထင်မိတယ်။ အင်တာဗျူးဆိုတာလည်း ဝန်ကြီးချုပ်နာမည်တောင်သေချာမသိတဲ့ ခါတော်မီ သတင်းထောက် အငယ်တန်းမျိုးမဟုတ်ဘူး။ နိုင်ငံရေးဘာသာဗေဒ သဘောတရားတွေ ကျောင်းဆင်းထားတဲ့၊ ဝါရင့်နိုင်ငံရေးသမားတွေလောက်နီးပါးကို သမိုင်းကြောင်းနဲ့ အိုင်ဒီယာလော်ဂျီတွေ နောကြေနေတဲ့ သတင်းထောက်ကြီးတွေက မေးမှ ရမှာ။ CNN မှာဆို အန်ဒါဆင်ကူးပါးလို လူမျိုးပေါ့။

Anderson Cooper

သူတို့က နိုင်ငံရေး ဝင်မလုပ်ဘူး။ နိုင်ငံရေးသမားတွေကို ဗျူးတာပဲ လုပ်တယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ ဒီလိုပဲ။ အဝေဖန်မခံနိုင်ရင် အမေးမခံနိုင်ရင် တက်လာလို့ကို မရဘူး။

လူတစ်ယောက်ရဲ့ အရည်အချင်းကို အနီးစပ်ဆုံး ခန့်မှန်းကြတဲ့ အခါ မိန့်ခွန်းပြောတာလောက်နဲ့ မရတော့ဘူး။ မိန့်ခွန်းဆိုတာ ကျွမ်းကျင်သူတွေ သေချာရေးပေးရင် ဖတ်ရတာ လွယ်တယ်။ ဘာမှ မခက်ဘူး။ ခက်တာက အင်တာဗျူးပဲ။ သူ့မှာ အခြေခံဝမ်းစာတောက်မရှိဘူး၊တစ်လွဲတွေ လျောက်ပြောနေတယ်ဆိုရင်တော့ သူ့သိက္ခာလုံးလုံးကျရပြီ။ ဒါကြောင့် သမ္မတနဲ့ ဝန်ကြီးတွေ ခန့်တဲ့ အခါမှာ တခါတည်း လူတော်တွေ ကို ရွေးချယ်ကြရမယ်။အပြောကောင်းတိုင်းလူတော်လို့တော့ပြောလို့မရဘူး။ တိုင်းပြည်ဖွံ့ဖြိုး‌ေရးအတွက် သူ့ရဲ့ အိုင်ဒီယာကို အဓိက ဆန်းစစ်ရမှာပါ။ ခန့်အပ်ဖို့ရွေချယ်ပြီးကာမှ အင်တာဗျူးရှောင်နေတဲ့ လူစားမျိုး ဆိုရင်တော့ ပြန်ဖြုတ်ဖို့လည်း ခက်သလို ပြည်သူတွေ ဘာမှ အကဲဖြတ်လို့မရတော့ဘူး။ သူ့ရဲ့ လုပ်ကိုင်မှု အရထွက်လာတဲ့ နောက်ဆုံးရလဒ်ထွက်မှပဲ သိရတော့မယ်။ ဒါက လေးငါးနှစ်ကြာနိုင်တယ်။

ဒ ါကြောင့် ကျွန်တော့ သဘောကတော့ ခေါင်းဆောင်လောင်း တွေကို အင်တာဗျူး စပ္ပါယ်ရှယ်လုပ်ပြီးမှ ရွေးချယ်ရေး စဉ်းစားစေချင်တယ်။ ခန့်ပြီးရင်လည်း အက်တာဗျူ ခဏခဏ လုပ်စေချင်တယ်။ ဒါဆိုရင် အစိုးရအဖွဲ့ က အာရုံစိုက်ရပြီ။ လွတ်တော်မှာ ကြိုတင်မေးခွန်းလေး လာဖြေ‌တာလောက်နဲ့ မရတော့ဘူး။

ဒီမိုကရေစီခေတ်မှာ အတို့ အထောင်အဖွတွေ ဘာတွေလည်းများတာပေါ့။အကြပ်ရိုက်အောင်မေးတာတွေ၊ဖြေရခက်အောင်မေးတာတွေလည်းရှိမှာပေါ့။ ဒါပေမယ့် ပြည်သူကို ရှင်းကနဲလင်းကနဲမြင်သွားအောင်၊ကိုယ့်သဘောထားနဲ့ လုပ်မယ့် အနာဂတ်အစီအမံတွေကိုလည်း သိစေအောင် အင်တာဗျူးရဲရဲ အလုပ်ခံပြီး ရဲရဲကြေညာရဲ တဲ့ သူတွေ ဖြစ်စေချင်ပါတယ်။ နောင်ရွေးကောက်ခံလာမယ့် ခေါင်းဆောင်အဆက်ဆက် ဒီအလေ့အထနဲ့ ရင်းနှီးကျွမ်းဝင်လာစေချင်ပါတယ်။အနှစ်နှစ်ရာကျော်စောနေတဲ့ ဒီမိုကရေစီ နိုင်ငံကြီးနဲ့ ယှဉ်ပြောသလိုဖြစ်နေလို့ အလှမ်ူကျယ်အလယ်လတ်နေသလားလို့ ထင်မိနိုင်ပါသေးတယ်။

“ကိုရဲရာ တို့ဒီမိုကရေစီက ခုမှ စ လုံးရေ စ ပဲ ရှိသေးတယ်လေ၊ ဘာလို့ ဆန္ဒတွေ စောနေရတာလဲ၊သူ့ဟာလေးနဲ့သူတော့ တဖြည်းဖြည်းဖြစ်လာမှာပေါ့ကွယ်”လို့တော့ ပြောနိုင်ပါတယ်။ဒါလည်းမှန်ပါတယ်။ အချိန်ယူဖို့၊အသားကျဖို့တော့ လိုပါတယ်။ ဒါပေမယ့် ဒီလို ဒီမိုကရေစီလမ်းစဉ်၊ ဒီပလက်ဖောင်းတွေ ကိုတော့ အခုတည်းက စတင် ကျင့်သုံး လျောက်လှမ်းတဲ့ အ‌ေလ့အထ အခုတည်းက စတင်ဆောင်ရွက်သွားကြရတော့မှာဖြစ်ပါတယ်။ဒါမှ ပြည်သူတွေ ကို သတင်းစကား (message) ပေးနိုင်တဲ့ သဘော၊အမြင်တွေ ရှင်းအောင် အလင်းပြတဲ့ သဘော သက်ရောက်ပြီး ပြည်သူကလည်း ခေါင်းဆောင်တွေကို ကြည်ညိုလေးစားယုံကြည်ရဲ လာကြမှာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

၈.၅.၂၀၂၀ ။နံက် ၀၈:၅၀

ဦးလောကနာထ နှင့် ဂလက်ဒီအေးဝပ်ဒ်

ဦးလောကနာထ နှင့် ဂလက်ဒီအေးဝပ်ဒ်


     လူမျိုးခြား နိုင်ငံရပ်ခြားတွေဆီ သွားရောက်ပြီး စွန့်စားကြတဲ့ သူတွေထဲမှာ လေးစားသတိထားမိတာ နှစ်ယောက်ရှိပါတယ်။ သမရိုးကျ ဘာသာရေးအဖွဲ့တွေဆီကနေ ပေါ်ပေါက်လာတာ မဟုတ်ဘဲ ထူးခြားတဲ့ စွန့်စားမှုတွေနဲ့ သွားလာဆောင်ရွက် ကြိုးပမ်းသာသနာပြုချက်တွေဟာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ဘွဲ့တွေ၊ ဒီဂရီတွေ၊ ဂုဏ်ထူးဝိသေသတွေ မရှိပဲ၊ ဘယ်သူ ဘယ်အဖွဲ့ ရဲ့ ထောက်ခံမှု မရှိပါပဲနဲ့ စွမ်းဆောင်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။

တစ်ကယ်တော့ ကျွန်တော်ဘာသာရေးနဲ့ပါတ်သက်လို့ သိပ်မရေးချင်ပါဘူး။ ဒါပေမယ့် စာဖတ်ပြီးရင်တွေးစရာတွေ ရှိလာတယ်။ ပြီးတော့ ရေးချင်စိတ်တွေကလည်း ဖြစ်လာတယ်။ ဒါကြောင့် ရေးမိပြန်ပါတယ်။


      Online Media တွေခေတ်စားလာတဲ့နောက်မှာ စပိန်နိုင်ငံသားတစ်ယောက်နဲ့  စကားပြောဖူးပါတယ်။ သင်က ဘယ်ဘာသာ ကိုးကွယ်သလဲလို့ မေးမိတော့ သူခဏငြိမ်သွားတယ်။ နောက်မှ မပြောချင်ဘူးတဲ့။ ဘာကြောင့်လဲလို့ ထပ်မေးတော့ “Religions devide People “ဆိုပြီးရေးပို့လာပါတယ်။ ဘာသာရေးဆိုတာ လူတွေကို သွေးကွဲစေတယ် တဲ့။ အခုကျွန်တော်ရေးတဲ့ ဘာသာရေးကတော့ နိုင်းယှဉ်ချက်မပါပါဘူး။ သာသနာပြုနှစ်ဦးရဲ့ အားသာချက်တွေကိုပဲ ဆွဲထုတ်ဖော်ပြချင်တာပါ။သာသနာပြုအတွေ့အကြုံကို မျှဝေပေးခြင်းမျိုးပါ။


အရှင်ဦးလောကနာထ


    ပထမ တစ်ဦးက အရှင်ဦးလောကနာထပါ။ အီတာလျှံ ဘုန်းတော်ကြီးဖြစ်ပါတယ်။အကိုဖြစ်သူက ခရစ်ယာန်ဘုန်းတော်ကြီးပါ။ ဘာသာရေး အားကောင်းတဲ့ မိသားစုမှာကြီးပြင်းခဲ့ရပါတယ်။ ဓမ္မပဒဆိုတဲ့ အနှစ်ချုပ်တရားစာအုပ် ဘာသာပြန်လေးကို ဖတ်မိတဲ့နေ့က  စပြီး စိတ်ထဲမှာ အတော်လေး နှစ်သက်လက်ခံသွားပါတယ်။ စာအုပ်ကို ဖတ်ရင် မိသားစုတွေ အပြစ်တင်မှာစိုးလို့ အများသုံးစာကြည့်တိုက်ကိုသွားပြီး ခိုးဖတ်ရပါတယ်။ ဘာသာပြောင်းရင် ဆွေမျိုးတွေက သစ္စာဖောက်သလို ခံစားကြရတတ်တယ်မဟုတ်လား။ အများအားဖြင့်တော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာ အစဉ်အလာအတိုင်းပဲ စောင့်ထိန်းကိုးကွယ်စေချင်ကြတာ လူမျိုးတိုင်းလိုလိုပါ။


      ဦးလောကနာထ ဖြစ်လာမယ့်သူဟာ နောက်ဆုံးမှာ အိမ်ကိုစွန့်ခွာပြီး ရဟန်းဝတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။စပိန်ရောက်တော့ အမျိုးတွေ ဝိုင်းဖမ်းတာကို ခံရသေးတယ်။ ရဟန်းဝတ်ကြီးနဲ့ဆိုတော့ အမျိုးတွေ စိတ်အတော်ထိခိုက်သွားတယ်။ မင်းရူးသွားပြီလားလို့တောင် မေးကြတယ်။ဘာသာမပြောင်းပဲ နေမှ လွှတ်ပေးမယ်ဆိုပြီး အခန်းပိတ်ထားကြတယ်။ အဲဒီမှာ ဦးလောကနာထက ဆန္ဒပြတော့တာပါပဲ။ အစာ လုံးဝမစားဘူး။ နောက်ဆုံးတော့ သေမှာစိုးလို့ အမျိုးတွေက အလျှော့ပေးလိုက်ရတယ်။ မင်းလုပ်ချင်တာ လုပ်ပါတော့ဆိုပြီး မိသားစု က ခွင့်ပြုလိုက်တယ်။


    ဦးလောကနာထက အစီအစဉ်တစ်ခု ဆွဲလိုက်တယ်။ သင်္ဘောခ မတတ်နိုင်လို့ အိန္ဒိယ အထိ ခြေလျင်ခရီးနဲ့ လမ်းလျောက်မယ်။ ကြားမှာနိုင်ငံတွေအများကြီးဖြတ်ရတယ်။ တစ်နေရာမှာ ဓားပြတွေက ဖမ်းထားတာခံရသေးတယ်။ ဓားသွေးရင်းတိုင်ပင်နေကြတယ်။ သတ်သင့် မသတ်သင့်။ စကားတွေ များကြတယ်။ အဲဒီ မိနစ်ပိုင်းဟာ တစ်ကမ္ဘာလောက်ကြာတယ်လို့ မှတ်ရပါတယ်။ စိတ်က အသတ်ခံရမယ်လို့ ခံယူလိုက်ပြီ။  မသေခင် ဘာလုပ်လို့ရမလဲဆိုတာ စဉ်းစားတော့ တရားထိုင်ပြီး သူတို့ကို မေတ္တာပို့ ဆုတောင်းပေးနေလို့ရတာပဲဆိုပြီး ဆုတောင်းပေးနေလိက်တယ်။ ခဏနေတော့ သူတို့ ထဲက တစ်ယောက်က လက်ပြန်ကြိုးတုပ်ထားတဲ့ ကြိုးကို ဓားနဲ့ လာဖြတ်ပြီး ထွက်သွားဖို့ပြောတယ်။    

အတိုချုပ်ပြောရရင် မြန်မာနိုင်ငံကိုရောက်လာတယ်။ အနောက်မှာ ရဟန်း တစ်ရာနီးပါးနဲ့ ခရီးတွေဘာတွေ ထွက်တယ်။ရခိုင်ရိုးမတွေ ဘာတွေ ကို ဖြတ်ကျော်တာရှိတယ်။ မြတ်စွာဘုရားလက်ထက်က သံဃာတွေ တစ်တန်းကြီးနဲ့ တန်းစီပြီးကြွတာကို အတော်လေးနှစ်သက်အားကျသူဖြစ်တယ်။ အနောက်ကို လှည့်မျော်ကြည့်လိုက်ရင် ဘုရားရှင်နမူနာပြခဲ့သလိုလုပ်နိုင်ပြီဆိုပြီး အထူးကျေနပ်အားရတဲ့ ရဟန်းတစ်ပါးဖြစ်ပါတယ်။ရှင်လောကနာထ ယုံကြည်ထားတာရှိတယ်။ ဘုရားဟာ ဈာန်နဲ့ ကြွလို့ရပေမယ့် မကြွခဲ့ဖူး။ အတော်များများကိုခြေလျင်ခရီးနဲ့ သာ ကြွခဲ့တယ်။နေတာ ထိုင်တာ စားတာသောက်တာ က အစ နှောင်းလူတွေ အတုယူနိုင်အောင် စံနမူနာ ကောင်း ပြခဲ့တယ်လို့ ဆရာတော်က ယုံကြည်ခဲ့တာဖြစ်ပါတယ်။

ဘုရားရှင် ဘယ်လိုနေထိုင်ပြုမူပြောဆိုခဲ့သလဲဆိုတာ အထူးစိတ်ဝင်စားပြီး အတတ်နိုင်ဆုံး တူအောင် လိုက်လံနေထိုင် ကျင့်ကြံဟောပြောခဲ့တဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။     ဆရာတော်ဟာ နိုင်ငံခြားသားဖြစ်ပေမယ့် မြန်မာနိုင်ငံကို အတော်လေးနှစ်သက်မြတ်နိုးခဲ့တယ်။ သူသွားလေရာမှာ တရားရေအေးတိုက်ကျွေးပြီး လူတွေကိုပြောင်းလည်းစေနိုင်ခဲ့ပါတယ်။

အထူးသဖြင့် တောင်ငူနယ်တစ်ဝိုက်က ဗမာနဲ့ကရင်တိုင်းရင်းသား ၇၀၀ ကျော်ကို ဘာသာရေးသက်ဝင်ယုံကြည်စေခဲ့ပါတယ်။ သာသနာပြုရာမှာ ထူးခြားတဲ့ တိုင်းတပါးသားဆရာတော် တစ်ပါး ဖြစ်ပါတယ်။


     ဦးလောကနာထ အကြောင်းပြောပြီးတဲ့အခါမှာ ဂလက်ဒီအေးဝပ်အကြောင်းဆက်လက်ပြောပြချင်ပါတယ်။


ဂလက်ဒီအေးဝပ်ဒ်  (Gladys Aylward)


     ပိုက်ဆံမချမ်းသာတဲ့ သာမန် မိသားစုမျိုုးရိုးက ဂလက်ဒီအေးဝပ် ဆိုတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ ရင်ထဲမှာထူးခြားပြင်းပြတဲ့ စိတ်ခံစားမှုတစ်ခု ရရှိခဲ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ တရုတ်ပြည်မှာ စစ်ဖြစ်နေတဲ့ အချိန် လူတွေသေကြကြေကြတာတွေကို သတင်းကြားရတော့ အဲဒီက လူတွေ မသေခင် လွတ်မြောက်မှုရအောင် ခရစ်ယာန်တရားဟောပြောချင်လာတဲ့စိတ်ပဲဖြစ်ပါတယ်။ဘာသာမတူ လူမျိုးမတူတဲ့ လူတွေကြားမှာ လူသားတွေကိုတတ်အားသရွေ့ကူညီစောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။ဆိုက်ဘေးရီးယားပြည်နယ်ကို တ၏်ယောက်တည်းဖြတ်ကျော်ခဲ့ပြီးရှန်စီပြည်တောင်တန်း‌တွကြားမှာ လှည့်ပတ်ကာ နိုမ့်ကျနေတဲ့ ဒေသခံတွေကို ကူညီပေးခဲ့သူဖြစ်ပါတယ်။တရုတ်လူမျိုးတွေက သူ့ကို စေတနာရှင်မလေး လို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြပါတယ်။လူတွေကို ကူညီကယ်တက်ချင်စိတ်က ရင်ထဲမှာအရမ်းကို ဆန္ဒပြင်းပြနေတယ်။ မသေခင် သိသွားသင့်တယ်ဆိုပြီး ပြောချင်စိတ်တွေ တဖွားဖွားတစ်လိပ်လိပ် ပေါ်လာမိတယ်။အဆင့်အတန်းအားဖြင့် သာမည ဖြစ်ပေမယ့် စိတ်နေစိတ်ထား အလွန်မြင့်တဲ့ မိန်းကလေးဖြစ်ပါတယ်။


      အသင်းတော်ကနေ ထောက်ခံစာ သွားယူတော့ အင်္ဂလန်နိုင်ငံက အသင်းတော်အကြီးအကဲတွေက အရည်အချင်းမပြည့်မီတာရယ် ၊ စစ်ဖြစ်နေတဲ့အတွက် မိန်းကလေးတစ်ယောက်တည်း မသင့်တော်တာရယ်ကြောင့် ပိတ်ပင်တားဆီးခဲ့ပါတယ်။ တရားဟောခွင့်လည်းမရခဲ့ပါဘူး။

တိုတိုပြောရရင် တရုတ်ပြည်ကိုရောက်သွားတယ်။ ကွန်မြူနစ်သမားတွေဖြစ်လို့ ဘာသာရေးကို သက်ဝင်ယုံကြည်ကြတာမဖြစ်ကြဘူး။ သူမဟာ တရုတ်နိုင်ငံမှာ စားပွဲထိုးအဖြစ် ဝင်အလုပ် လုပ်ပါတယ်။ ဘာသာစကားလည်းမတတ်တော့ အတော်သင်ယူရတယ်။လားမြင်းခေတ်ဆိုတော့ လားတွေ ဆွဲပြီး စားသောက်သူတွေ ဆိုင်ဝင်ဖို့ စည်းရုံးကြရတယ်။ ဆိုင်နောက်က ရေကန်ထဲ လားက ရေစိမ် ရေသောက်လုပ်နေပြီဆိုရင်တော့ ခရီးသွားတွေဟာ အဲဒီဆိုင်မှာပဲ တည်းခိုကြတယ်။ ညဘက်ကျမှ ရင်းနှီးတဲ့ ကုန်သည်တွေကို ခရစ်တော်ယေရှုအကြောင်း ပြောပြပေးတယ်။ အဲဒီလူတွေဟာ ပြောင်းလည်းသွားကြတယ်။ နောက်ပိုင်းလည်း သူ့ဆိုင်မှာပဲ ဝင်ရောက်စားသောက်ကြတယ်။


    အမျိုးသမီးတစ်ဦးကြောင့် ဘေးကဈေးဆိုင်တွေ ဖောက်သည်နစ်နာ လာတာတွေ ရှိလာတယ်။ နောက်ဆုံးတော့ လူတွေကိုတရားဟော နေပါတယ်ဆိုပြီး တရုတ်စစ်ထောက်လှမ်းရေးကို လက်တို့ သတင်းပေးလိုက်တယ်။ တရုတ်စစ်ဗိုလ်တစ်ဦးက သေချာစစ်တယ်။ ဘာအကြောင်းတွေ ပြောပြတာလဲဆိုပြီး မေးတယ်။ သူမကလည်း သခင်ယေရှုအကြောင်း အသေအချာရှင်းပြတယ်။ နားထောင်ရင်း မေးရင်းဖြေရင်း တရုတ်စစ်ဗိုလ်က ယေရှုကို ယုံကြည်ချင်သလိုဖြစ်လာတယ်။ ဆက်နားထောင်မိရင်သူပါ ယုံမိတော့မှာပဲဆိုပြီး စကားဖြတ်လိုက်တယ်။ နောက်နေ့မှ ထပ်မေးမယ်ပေါ့။ နောက်နေ့လည်း မေးရင်းမေးရင်း သူ့စိတ်က ယုံကြည်ချင်သလိုလို ဖြစ်လာပြန်တယ်။ ဒါနဲ့ စကားဖြတ်ရပြန်တယ်။ နောက်ဆုံးတော့ စစ်ဗိုလ်က အားတင်းယူရတယ်။ ဘာသာရေးနဲ့ ငါတို့နဲ့ မဆိုင်။ ကိုးကွယ်ယုံကြည်သက်ဝင်စရာ မလိုဘူး ဆိုပြီး အားယူမာန်တင်းပြီးပြန်လာတယ်။ ဂလက်ဒီအေးဝပ်ကို ထောင်ချလိုက်တယ်။


      ထောင်ထဲဝင်တော့လည်း ထူးဆန်းတာတွေ ထပ်ဖြစ်လာတယ်။ ထောင်သားတွေ က သူမကို ကြည့်ပြီး အေးချမ်းမှုကို ခံစားနေကြရတယ်။ သတင်းစကား တစ်ခုခု သူတို့ အတွက်ပါလာတယ်ဆိုတဲ့ခံစားမှု သူတို့ခံစားကြရတယ်။ နောက်ပိုင်းတော့ ထောင်ထဲက လူတွေ အများကြီးပြောင်းလည်းသွားတယ်။ ဆဲဆိုသံတွေ၊နိုပ်စက်သံတွေ၊အော်ဟစ်သံတွေ အစား ဘုရားသီချင်းတွေ သီဆိုလာခဲ့ကြတယ်။ ထောင်မှုးပါ ပြောင်းလည်းတဲ့ အဖြစ်အပျက်ကို ကိုယ်တွေ့ခံစားတွေ့ခဲ့ရတယ်။


ဉာဏ်မီသလောက်သုံးသပ်ချက်  

အခုပြောခဲ့တာတွေကတော့ ဘယ်ဘာသာက ပိုကောင်းတယ် ၊ဘယ်ဘာသာက မကောင်းဘူးဆိုတာထက် အံ့ဩဖွယ် တရားဟောသူ နှစ်ဦးရဲ့ ကြိုးပမ်းချက်များကို ပြောပြလိုတာဖြစ်ပါတယ်။ ဘာသာရေးရွေးချယ် ကိုးကွယ်မှုကတော့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ပေးထားတယ် မဟုတ်လား။ ကိုယ်ကြိုက်တဲ့ ဘာသာ ကိုးကွယ်ကြပေါ့။

ပြောချင်တာက ဘာသာရေးကျမ်းတတ်ထဲကမဟုတ်ဘဲ သာမာန်လေ့လာထားကြတဲ့အဆင့်တွေသာ ဖြစ်ပါတယ်။ သူတို့ထက် ကျမ်းတတတ် ၊စာတတ်ပေတတ် ပုဂ္ဂိုလ်တွေရှိကြပေမယ့် သူတို့လောက်စွမ်းဆောင်နိုင်ဖို့ခက်ပါတယ်။ ဘာကို စဉ်းစားမိလဲဆိုတော့ ဘာသာရေးဆိုတာ သိနေကြားနေရရုံတင်မဟုတ်ဘူး။ဘဝအသက်တာမှာလည်း တစ်ကယ်ကို ဝင်ရောက်ပြီး ပြင်းစွာသော လုံ့လတွေ၊ကြီးစွာသော ပေးဆပ်မှုတွေ၊ ထိုက်တန်တဲ့ အဖိုးအခတွေနဲ့ သာသနာပြုခဲ့ ကြခြင်းဖြစ်တယ်ဆိုတာ သွားတွေ့ရပါတယ်။သူတို့နှစ်ဦးစလုံးရဲ့ ဘဝမှာ ပေးဆပ်မှုတွေ အများကြီးပါ။ အသက်ဘေးလည်းရင်ဆိုင်ရနိုင်တယ်။ မိသားစုအသိုင်းအဝိုင်းကလည်း ပစ်ပယ်တာ၊မုန်းတီးတာ အထင်သေးတာခံကြရပါတယ်။


       သူတို့ ဘာကြောင့် အောင်မြင်သလဲဆိုရင် ဦးလောကနာထဟာ  ဗုဒ္ဓဘာသာအရဆိုရင်တော့ ပါရမီ ရှိလို့လို့ ဆိုချင်ပါတယ်။ရတနာသုံးပါးကို အသက်လိုကိုးကွယ်စည်းကပ်လို့ဖြစ်ပါတယ်။ အတိတ်ကံလည်း အားကောင်း၊အထုံလည်းပါ၊ လက်ရှိဘဝလည်းကောင်းမွန်တာ လုပ်လို့လို့ ယူဆကြရမှာပါ။


     မစ္စဂလက်ဒီ ကျတော့ ကျမ်းတတ်ကြီး၊သင်းအုပ်ဆရာကြီးမဟုတ်ပေမယ့် ဘုရားရဲ့ ဘိတ်သိတ်ရှိတဲ့သူ မို့ သူနဲ့ တွေ့သူတွေဟာ ပြောင်းလဲတဲ့ အသက်တာကို ရသွားကြတာဖြစ်ပါတယ်။ ဘုရားကနေ အသုံးပြုတဲ့ သူမို့ဖြစ်ပါတယ်။ နောက်တစ်နည်းက ဘုရားရဲ့ သန့်ရှင်းသော စွမ်းအားတော် သန့်ရှင်းသော ဝိညာဉ်တန်ခိုးပါလို့ လူတွေ ပြောင်းလဲသူတွေ များစွာဖြစ်ကြတယ်လို့ဆိုရမှာပါ။

ဘုရားရဲ့တရားတော် ဘယ်လောက်သိသိ၊ ဘယ်လောက်ပဲ ဟောတတ်ဟောတတ်၊ မေတ္တာ မပါတဲ့သွန်သင်စကားဟာ အချဉ်းအနှီးဖြစ်တယ်ဆိုတဲ့ စကားလိုပဲ သူတို့တွေဟာ ဟောပြောသွန်သင်တဲ့နေရာမှာ မေတ္တာ အားကြီးနေလို့လည်း ဖြစ်နိုင်ပါတယ်။ ဗုဒ္ဓတရားတော်မှာလည်းရှိပါတယ်။ သစ္စာစကားဆိုတာ မှန်ရမယ်၊နူးညံ့ရမယ်ဆိုတာလည်းရှိပါတယ်။


        နောက်ထူးခြားတာတစ်ခုရှိပါသေးတယ်။ ဦးလောကနာထရဲ့ ဘဝဖြစ်စဉ်ကိုလေ့လာဖတ်ရှုပြီးတဲ့အခါ သာသနာပြုချင်စိတ်တွေ တဖွားဖွားပေါ်လာကြတယ်လို့ ကြားသိရတယ်။ သာသနာ့ အာဇာနည်တစ်ဦးလိုပဲလို့ခံစားရပါတယ်။ ဒီလိုပြောလို့ မစ္စဂလက်ဒီအကြောင်းကတော့ သိပ်စွဲဆောင်မှု မရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

စာရေးဆရာ မောင်ထွန်းသူ က The inn of The sixth  sense ဆိုတဲ့ စာအုပ်ကို ဘာသာပြန်တဲ့အခါလည်း လူတွေ များစွာ ခွန်အားရ၊သာသနာပြုချင်ကြကြောင်းလေ့လာသိရှိရပါတယ်။


       ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ရင်ထဲက တစ်ကယ် သက်ဝင်ပြီး ဘဝနဲ့ ယှဉ်တဲ့ ၊ အဖိုးအခ ပါတဲ့ ကိုးကွယ်ဆည်းကပ်သူတွေ ဟာ များစွာသော အံအားသင့်ဖွယ်၊ ဝမ်းမြောက်ဖွယ် ၊ကောင်းမြတ်ခြင်းတွေကို အများစုနဲ့မတူပဲ ရယူအောင်မြင်နိုင်ကြတာဖြစ်ကြောင်း လေ့လာသုံးသပ်မိပါတယ်။

မိတ်ဆွေ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် ကိုယ်ကိုးကွယ်တဲ့ ဘာသာ အပေါ် ဘယ်လောက် သက်ဝင်သလဲ၊ ဘယ်လောက်ယုံကြည်သလဲ၊ ဘယ်လောက်စိတ်ပြင်းပြလဲဆိုတာ အရေးကြီးတယ်လို့ထင်ပါတယ်။ အရေးအကြီးဆုံးက လူတွေအပေါ် သင်ဘယ်လောက် မေတ္တာထားနိုင်တယ်ဆိုတာ အရေးကြီးဆုံးဖြစ်ကြောင်း ထင်မြင်မိပါတယ်။ 

စာဖတ်သူရဲ့ အမြင်လေးတွေရှိရင် လည်း တစ်ဘက်သားကို ပုတ်ခတ်တာတွေ မလုပ်ပဲ မှတ်ချက်လေးတွေ အောက်မှာ မျှဝေစေခဲ့ စေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။


ရဲထွဋ်ခေါင်

၇.၅.၂၀၂၀ညနေ ၆:၅၄

လူတိုင်းလိုအပ်နေတဲ့ကာယကံမေတ္တာ

လူတိုင်းလိုအပ်နေတဲ့ကာယကံမေတ္တာ


    ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာ လူသားတွေအမြဲလိုအပ်နေတာရှိပါတယ်။ လူတိုင်းဟာ ဒုက္ခရဲ့ သားကောင်များဖြစ်ပါတယ်။ ကျွန်တော်ရင်းနှီးသမျှ လူတွေနဲ့ သေချာစကားစမြည်ပြောဆိုကြည့်မိတဲ့အခါတိုင်းမှာ လူတွေဟာ သောကတစ်ခုခုကို တွေ့ကြုံခံစားနေရတာချည်းဖြစ်ပါတယ်။ စိုးရိမ်စိတ်၊ လိုချင်စိတ်၊ပူလောင်စိတ်၊တောင့်တစိတ်တွေနဲ့ အသက်ရှင်နေထိုင်ပြီး တစ်နေ့တာကို ကျော်ဖြတ်နေကြတာဖြစ်ပါတယ်။


     ဘယ်လိုအပူတွေပဲ ရှိရှိ။ဘာစိုးရိမ်တာပဲရှိရှိ ၊ဘာမပြည့်စုံတာပဲရှိရှိ တူညီနေတဲ့ ဘုံလိုအပါချက်တစ်ခုကတော့ လူတိုင်းတကယ်လိုအပ်နေတဲ့ အရာက မေတ္တာတရားပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်နေ့ကိုတစ်ယောက်မေတ္တာပြနိုင်အောင် လုပ်မယ်ဆိုတဲ့ ခံယူချက် ခံစားချက်လေး ထားရှိသွားဖို့ တိုက်တွန်းလိုပါတယ်။မေတ္တာဆိုတဲ့အထဲမှာမှ တစ်ဦးအပေါ်တစ်ဦးက ကာယကံမေတ္တာ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီး အများကြီးပြောင်းလဲသွားပါမယ်။လူတိုင်းက နေ့စဉ် တစ်ယောက်ယောက်ကို ကူညီပေးဖို့ ကြိုးစားနေကြတယ်ဆိုရင် နေ့စဉ်လှုပ်ရှားနေတဲ့ စာသင်ကျောင်းတွေမှာ၊အလုပ်ရုံတွေမှာ၊ ကုမ္ပဏီမှာ ၊ရပ်ကွက်တွေထဲမှာ စသည်ဖြင့်ဘယ်လို အသွင်ပုံစံမျိုး ပြောင်းလဲသွားနိုင်သလဲဆိုတာ မြင်ယောင်ကြည့်စေလိုပါတယ်။  

တစ်ခါက ဆယ်နှစ်သားအရွယ် ကလေးတစ်ယောက်ဟာ စတိုးဆိုင်တစ်ခုရဲ့ပြတင်းပေါက်ကနေ အချိန်အတော်ကြာငေးမောကြည့်နေပါတယ်။ ဒါကိုသတိထားမိတဲ့ အမျိုးသမီးတစ်ယာက်က ဘာလုပ်နေတာလဲကောင်လေး ဆိုပြီးမေးပါတယ်။ ကောင်လေးက ” ကျွန်တော် တင်းနစ်ဖိနပ်လေးအရမ်းလှလို့ကြည့်နေတာပါ ၊ တစ်ခါမှ မစီးဖူးလို့ စီးဖူးရင်ကောင်းမှာပဲဆိုပြီး ဖိနပ်ကို ငေးရင်း ဘုရားဆီမှာဆုတောင်းနေတာပါ”လို့ ပြန်ပြောပါတယ်။ အမျိုးသမီးက ကောင်လေးလက်ကိုဆွဲပြီး ဆိုင်ထဲခေါ်သွားပါတယ်။ ခြေဗလာနဲ့ညစ်ပတ်နေတဲ့ကောင်လေးခြေထောက်ကို ခြေအိတ်စွတ်ပေးရင်း ဖိနပ်တစ်ရံစမ်းစီးစေပါတယ်။ အရွယ်တော်တဲ့ ဖိနပ်စီးပေးတဲ့ အပြင် နောက်ထပ်ဖိနပ် နှစ်ရံကိုပါ ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါတယ်။ ကောင်လေးမျက်လုံးမှာ မယုံနိုင်တဲ့ မျက်လုံးလေးတွေနဲ့ အမျိုးသမီးကို ငေးမောကြည့်နေပါတယ်။ပြီးမှ “ကျွန်တော် တစ်ခုမေးလို့ရမလားအန်တီ….ဟို… အန်တီက ဘုရားရဲ့ မိန်းမများလားဟင်” ဆိုပြီးမေးလိုက်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ ဘုရားလောက်မေတ္တာ မကြီးမားနိုင်ပါဘူး။ ဘုရားလောက် လူတွေကို ဂရုဏာ မထားနိုင်ကြပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့တတ်နိုင်သလောက်တော့ မေတ္တာပြကြ ၊ပေးကမ်းကြ၊ကူညီပေးနိုင်ကြတာဖြစ်ပါတယ်။


      ဂျိုးလ် ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ ပရောဂျက်ကို အကူအညီကောင်းကောင်းပေးပြီးလုပ်ကိုင်နေသူတစ်ယောက်နဲ့ ပါတ်သက်ပြီး မေတ္တာတစ်ခုပြသနိုင်ခဲ့ပါတယ်။ ဖလက်တီဗွီ မှန်ပြားတီဗွီ တွေ ခေတ်စားခါစက သူ့အိမ်မှာ ဖလက်တီဗွီတစ်လုံး စတင်ဝယ်တပ်ခဲ့ပါတယ်။သူ့ကိုကူညီပေးသူက အရမ်းသဘောကျနေခဲ့တယ်။ မြင်ကွင်းကျယ်ကြည်လင်ပြတ်သားပြီး ပေါ့ပါးတာကြောင့် မျက်စိကကိုမခွာနိုင်ခဲ့ဘူး။ သူ့အိမ်မှာဘာတီဗွီနဲ့ကြည့်နေလဲဆိုတော့ အရင်က တီဗွီအဟောင်းလေးနဲ့ပဲကြည့်နေတာလို့သိလိုက်ရပါတယ်။ ဒါနဲ့ သူပေးလှူစရာ ကိစ္စကောင်းတစ်ခုပေါ်လာပြီ တိုက်ဆိုင်လာပြီလို့ရင်ထဲမှာခံစားလိုက်ရပြီး သူ့အိမ်အတွက် တီဗွီအသစ်တစ်လုံးလက်ဆောင်ဝယ်ပေးလိုက်ပါတယ်။ ဝယ်ပေးခံရတဲ့ မိသားစုဟာ ခုထိကို ပြောမဆုံးအောင် ဝမ်းသာနေကြပါတယ်။ သူတို့အိမ်ရောက်တိုင်း ဧည့်ခန်းမှာနေရာယူထားတဲ့ တီဗွီလေးဟာ စိတ်ကြည်နူးစရာ ကူညီမှုအဖြစ် ပြန်ပြောင်းအောက်မေ့သတိယစေခဲ့ပါတယ်။


      ဒီလိုပြောလို့ ပိုက်ဆံမှ တို့မတတ်နိုင်တာ ။ ပေးဖို့ ပိုက်ဆံရှိဖို့လိုတယ်လေ လို့ ပြောနိုင်ကြပါတယ်။ တစ်ကယ်တော့ ပိုက်ဆံအများကြီးကုန်မှ မေတ္တာတရားပြသကူညီနိုင်တာမဟုတ်ပါဘူး။ပိုက်ဆံအကုန်အကျနည်းတဲ့နည်းတွေလည်း များစွာရှိပါတယ်။ ပိုက်ဆံကုန်စရာမလိုတဲ့နည်းလမ်းတွေလည်းရှိပါတယ်။ ကားကြပ်နေတဲ့ မီးပွိုင့်မှာ လမ်းဆုံမှာ အရေးကြီးနေတဲ့ ကားတစ်စီးကို သင်ခွင့်ပေးဖြတ်ကျော်စေလိုက်တာလည်းကူညီတာပါပဲ။ တနင်္ဂနွေ အားလပ်ရက်လည်ပတ်ချိန်မှာ နွမ်းပါးတဲ့ ကလေးတစ်ယောက်ကို ရေခဲမုန့်လေးဝယ်ကျွေးလိုက်တာမျိုး၊ မုန့်ဝယ်ဖို့ တန်းစီနေချိန်မှာ သက်ကြီးရွယ်အိုတစ်ယောက်ကို သင့်ရှေ့ကနေ နေခိုင်းပေးလိုက်တာမျိုးလည်း လုပ်နိုင်ပါတယ်။ စီးတီးမတ်တွေမှာ ဈေးဝယ်ရင် လှည်းခြင်းထဲမှာရှင်းစရာတွေ အများကြီးဝယ်ထားပြီး ကောင်တာမှာငွေရှင်းဖို့တန်းစီတဲ့အခါ သင့်နောက်က ပစ္စည်းတစ်မျိုးလောက်ဝယ်ထားသူကို ဦးစားပေးရှင်းလိုက်ဖို့ ခွင့်ပြုလိုက်တာမျိုးတွေ သင်လုပ်ဖူးမှာပါ။

ဒါလည်း သင့်ရဲ့ မေတ္တာတရားနဲ့ကူညီမှုကို ပိုက်ဆံအကုန်အကျမခံပဲ ဆောင်ရွက်ဖြစ်သွားတဲ့ ကိစ္စမျိုးပဲဖြစ်ပါတယ်။


      ကဲ ကျွန်တော်တို့ ဘာလို့ လူတွေအပေါ်ကူညီတတ်တဲ့ စိတ်ထားဖို့ စတင်မဆုံးဖြတ်နိုင်ကြသေးတာလဲ။ ကျွန်တော်တို့ဟာ တကိုယ်ကောင်းဆန်ကြဖို့ မွေးဖွားလာကြတာမဟုတ်ပါဘူး။

လူတိုင်းလိုလိုဟာ နာကျင်မှုတွေခံစားနေကြရပြီး အားပေးကူညီမှုတွေ လိုအပ်နေကြတာဖြစ်ပါတယ်။ကိုယ့်ကို ဆက်ဆံစေချင်သလို လူတိုင်းကို ဆက်ဆံပေးတာဟာ အရမ်းကောင်းမွန်တဲ့ အကျင့်ပဲဖြစ်ပါတယ်။ကူညီစရာလေးတွေကလည်း သင့်ဘေးမှာကိုရှိနေတတ်ပါတယ်။ အခုသင်အိမ်အပြင်ထွက်ရင်ကို တွေ့လာနိုင်ပါတယ်။ အိမ်နီးချင်းမိတ်ဆွေ ကို ကူညီဖို့လည်းဖြစ်နိုင်တယ်။ ဥပမာ (Single Mom)ကလေးအမေတစ်ယောက်ကို ဈေးဝယ်လေးဘာလေးထွက်ချင်ရင် ခင်ဗျားခလေးကို ကျွန်တော့် ကလေးတွေနဲ့ ဆော့ဖို့ထားခဲ့ပါလို့ပြောနိုင်ပါတယ်။ ဒါမမဟုတ် ကလေးအမေ ကို ခေါင်းလျော်ဖို့၊ လက်သည်းဆိုးဖို့ ကလေးကို ကျွန်တော်တို့ လင်မယားကြည့်ထားပေးမယ်ဆိုပြီးတော့လည်း ကမ်းလှမ်းနိုင်ပါတယ်။

ဒါမှမဟုတ် ကျွန်တော်တို့ ချမ်းသာလို့ ဒေါ်လာ ၃၀ လောက်စားတိုင်း စာပွဲထိုးကို Tip Money မုန့်ဖိုးတစ်ဒေါ်လာလောက် ပေးကမ်းတာမျိုးလုပ်နိုင်ကြပါတယ်။ စားပွဲထိုးကို အမြဲလက်ဆောင်ပေးတတ်တဲ့ စုံတွဲလင်မယားဟာ မုန့်ဖိုးပေးပြီးတိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး “တို့တွေတော့ အဲဒီလူရဲ့ ဘဝထဲကို ဒါန မျိုးစေ့လေးတစ်စေ့ ချပေးနိုင်ခဲ့လိုက်ပြီဆိုပြီးပြောလေ့ရှိပါတယ်။စားပွဲထိုးကလည်း ကွယ်ရာမှာသိပ်ကြင်နာတတ်တဲ့ လင်မယားပဲလို့ ပြောဆိုနေမှာဖြစ်ပါတယ်။


      ကူညီတဲ့အခါ ဘယ်လိုလူတွေကိုကူညီရမလဲ။ တကူးတကကြီးလိုက်ရှာကူညီနေကြရမှာလား။ ကူတော့ကူညီချင်ပါတယ် အချန်မရှိဘူးဗျာ လို့ ပြောကောင်းပြောစရာရှိကြပါလိမ့်မယ်။ အကြံပေးချင်တာက တမင်တကာ လိုက်ရှာဖွေစရာကြီးမလိုပါဘူး။ ကျွန်တော်တို့သွားရင်းလာရင်း အမှတ်မထင်ဆိုသလို တွေ့လာနိုင်တာဖြစ်ပါတယ်။မြန်မာလိုစကားနဲ့ဆို “ပံ့သကူ”သဘောပေါ့။ ကူညီချင်တဲ့ စာနာတတ်တဲ့ နှလုံးသားကို အမြဲဖွင့်ထားပေးမယ်ဆိုရင် အပန်းမကြီးတဲ့ ကာယကံမေတ္တာတွေ လုပ်နိုင်လာမှာပါ။ လုပ်ခွင့်ရလာမှာပါ။

လူတစ်ယောက်က ကားပျက်သွားတဲ့အခါ ဝပ်ရှော့မှာ ကားရပ်ထားရလို့ အခက်တွေ့နေတဲ့အခါ သင့်ကားနဲ့ အကြုံပတ်ခေါ်သွားပေးလိုက်ပါ။ သင့်သူငယ်ချင်းက အင်္ကျီ နှစ်ထည်လောက်ကိုပဲ လဲလှယ်ဝတ်စားနေရရင် သူ့အတွက် အင်္ကျီကောင်းလေးလက်ဆောင်ဝယ်ပေးလိုက်ပါ။

 ဒါမှမဟုတ် သင့် အင်္ကျီ ထဲကလည်းမျှဝေပေးလိုက်လို့ရပါသေးတယ်။ပိုက်ဆံ ကုန်ကျတာရှိသလို မကုန်ကျတဲ့အခြားကူညီမှုတွေများစွာရှိနေပါတယ်။ သင်ပေးလိုက်တဲ့ အရာတန်ဖိုးထက် သင့်စိတ်စေတနာက သူ့အတွက် ပိုမိုလေးစားစရာ တန်ဖိုးထားစရာ ဖြစ်စရာဖြစ်နေနိုင်ပါသေးတယ်။ကူညီဖို့လူကတော့ တကူးတက ရှာစရာမလိုပဲ သင့်ရှေ့ကို တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိလာတတ်တာပဲဖြစ်ပါတယ်။

     ကျွန်တော်တို့ တစ်တွေဟာ မအားလပ်ကြပါဘူး။တစ်နေ့တစ်နေ့ အချိန်ဇယားတွေထဲမှာ စစ်စတမ်တွေထဲမှာပဲ အချိန်ပြည့်လည်ပတ်နေကြရသူတွေပါ။ တစ်နေ့တာ တစ်နေ့တာသာ ကျော်ဖတ်သွားတယ်။ ဘဝမှာ တစ်ကယ်ကျေနပ်စရာကောင်းတာတွေနဲ့ ဖြတ်သန်းနေရတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်အတွက်ကောင်းဖို့၊ ကိုကသူများထက်သာဖို့၊ ကိုယ်နေရာရဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတဲ့ ခေတ်ထဲမှာ ကြင်နာစာနာမှုနဲ့ ကူညီပေးကြဖို့ ရှားပါးလာကြတယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါကြောင့်လည်း ယနေ့ လူတွေ ဟာ မေတ္တာပါတဲ့ ကူညီခြင်းကို လိုအပ်နေကြတယ်လို့ ဆိုချင်တာပါ။ ဒါပေမယ့် ကာယကံတော့ ပါပါစေ။ ကာယကံမြောက်မဟုတ်တဲ့ အိမ်ကနေဆုတောင်းပေးတာမျိုးလည်း ကောင်းမွန်ပေမယ့် လက်တွေ့ပါတဲ့စေတနာ ကတော့ ချက်ချင်း သူ့အတွက် ထူးခြားဝမ်းသာမှု ခံစားရရှိသွားစေလို့ပါ။


    သင်ကူညီပေးလိုက်သူတွေကို သင်သိချင်မှ သိမှာပါ။ နာမည်လည်းမှတ်မိချင်မှ မှတ်မိမှာပါ။ သင် မီးပွိုင့်တန်းစီ ရပ်နေတဲ့အခါ ကားတစ်စီးကို ကျော်ခွင့်ပေးလိုက်တာ၊ လူတစ်ယော်ကို ဒေါ်လာ ၂၀ လောက် ကူညီပေးလိုက်တာ စတဲ့ ဖြစ်ရပ်ကလူတွေကို သင်ပြန်တွေ့ချင်မှ တွေ့ရတော့မှာပါ။သင့်ကို ဘာမှ ပြန်မပေးနိုင်တဲ့ လူတွေကို ကူညီတာဟာ မျော်လင့်ချက်မပါတဲ့ ကူညီခြင်းပဲဖြစ်ပါတယ်။ ပိုပြီးလွှတ်လပ်ပေါ့ပါးပါတယ်။ လူတွေအမည်က အရေးမကြီးပါဘူး။ဒါတွေ အားလုံးကို ဘုရားက သိပါတယ်။ သင့်ရဲ့ ကုသိုလ်မှတ်တမ်းထဲမှာ အတိအကျ ရေးမှတ်ထားမှာပါ။စာရင်းသွင်းထားမှာပါ။ဘုရားဆီမှာ ကိုယ်က အကြွေးရစရာ ရှိနေတာမျိုးပါ။ မကောင်းတာတွေလုပ်နေရင်တော့ ကိုယ်က ဘုရားကို အကြွေးပေးဖို့ ကျန်နေတာမျိုးသဘောလို့ ဆိုချင်ပါတယ်။


       လောကကြီးမှာ ကြီးပွားချမ်းသာ စည်းစိမ်ဥစ္စာထက် လိုအပ်နေတဲ့ လူတွေကို ကူညီဖြည့်ဆည်းပေးရတဲ့ ခံစားချက်က အကောင်းဆုံးလို့ လက်ခံလိုက်တဲ့ လူတစ်ယောက်အကြောင်းပြောပြလိုပါတယ်။ ဖိလစ်ပိုင်က လူငယ်သူဌေးတစ်ယောက်ဟာ အပေါင်းအသင်းတွေနဲ့ လည်ပတ် ပျော်ပါးပေမယ့်၊ အရက်အကောင်းစားတွေ ကားအကောင်းစားတွေနဲ့ နေ့စဉ်ပျော်ပါးနေပေမယ့် စိတ်က တစ်ကယ့်ပျော်ရွှင်မှု အစစ်မှန်ကိုမခံစားခဲ့ရဘူး။ တစ်ခုခုလိုအပ်နေတယ်လို့ လည်းခံစားနေရတယ်။ သူငယ်ချင်းတွေနဲ့ သုံးဖြုန်းပြီး သူ့စည်းစိမ်တွေ ကုန်ဆုံးခဲ့ရတယ်။ ငွေလည်းမရှိ အပေါင်းအသင်းတွေလည်း မကပ်ကြတော့ဘူး။ အဲဒီလိုနေရင်းဖိလစ်ပိုင်မှာ မုန်တိုင်းကျတော့ ကယ်ဆယ်ရေးအသင်းမှာ လုပ်အားပေးအဖြစ် လိုက်သွားတယ်။ ငွေမရှိတော့ လုပ်အားပဲပေးနိုင်တော့တယ်လေ။ အသေအပျောက်တွေကြားထဲ၊အိမ်ပျက်တွေကြားထဲ ကူညီမှုတွေ ချွေးပြန်အောင်လုပ်ခဲ့ရတယ်။ လက်တွေလည်း ညစ်ပတ်လို့။ အဲဒီအချိန်မှာ အဘွားကြီးတစ်ဦးက သူ့ လက်ကိုလာကိုင်ပြီး ကျေးဇူးတင်ပါကြောင်း လာပြောတယ်။ အဘွားအိုရဲ့မျက်လုံးထဲမှာ လေးစားစိတ်၊ ချစ်ခင်စိတ်၊ ကျေးဇူးတင်စိတ်တွေ တွေ့လိုက်ရတယ်။

အဲဒီအချိန်မှာအဲဒီလူငယ်ဟာ လောကမှာ နေထိုင်ရတာ တန်ဖိုးရှိပါလား၊ငါဟာ သူများးတွေအတွက် တစ်ကယ်လိုအပ်တဲ့ကူညီပေးသူတစ်ယောက်ဖြစ်နေပါလားဆိုတဲ့ ခံစားချက်က သူ့နှလုံးသားမှာဖြစ်ပေါ်သွားတယ်။ အဲဒီခံစားချက်ဟာ သူတစ်သက်လုံးဆာငတ်နေတဲ့ ခံစားချက်ဆိုတာ သဘောပေါက်သွားပါတယ်။အသက်ရှင်နေရတာ ပိုအဓိပ္ပါယ်ရှိလာသလို ခံစားလိုက်ရပါတယ်။


    ကျွန်တော်တို့နေထိုင်ကြတဲ့ လောကကြီးမှာ လူတိုင်လိုအပ်နေတဲ့ ချစ်ခင်ကူညီမှုတွေကို လူတိုင်းရဲ့ စိတ်ထဲ နှလုံးသားထဲကနေ ဖော်ထုတ်ကူညီပေးနိုင်တဲ့ သူတွေ များပြားလာကြပါစေ၊ ကျွန်တော်တို့ ဘဝတစ်လျောက် လှုပ်ရှားအသက်ရှင်မှုတွေထဲမှာ မေတ္တာတရားတွေ ရှာဖွေတွေ့ရှိနိုင်တဲ့သူတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

ရဲထွဋ်ခေါင်
၇.၅.၂၀၂၀ မနက် ၁၁:၀၄။


Credit:(Find somebody to be good to every day )

ကိုဖတ်ရင်း ဆင့်ပွားခံစားပြန်လည်ဖြည့်စွက်မျှဝေပါသည်။

နတ်ဆိုး

   အိမ်နီးနားချင်းတွေက မကျေနပ်လို့ လူတစ်ယောက်ကို ပြောဆို ဆုံးမပေးဖို့ ခေါ်လာပါတယ်။

    ဘာဖြစ်တာလဲ ဆိုတော့
“ဒီ လူကြီးက သူများအိမ်တွေ လိုက်ချောင်းတယ်၊ မိန်းကလေးတွေ ရေချိုးတာတွေ လိုက်ကြည့်တယ် ၊ခြံစည်းရိုး ကနေ အိမ်ထဲ လှမ်း ကြည့်နေတတ်တယ် ၊ခဏခဏ ဖြစ်နေတယ် ” ဆိုပြီး ပြောကြပါတယ်။

    ကာယကံရှင်ကို မေးကြည့်တော့ သူအဲလိုစိတ်နဲ့ မဟုတ်ပါကြောင်း၊ သူများတွေ လိုပဲ ပုံမှန်သွားလာနေတာ   ဖြစ်ပါကြောင်း၊ သူလည်းရေချိုးမလို့လာတာဖြစ်ပါကြောင်း ထုချေ ခုခံလာပါတယ်။

   ဒါပေမယ့် သက်သေတွေ က ထွက်ဆိုနေပါပြီ။ အရင်တစ်ခါကလည်း မိန်းကလေးတွေ ရှိတဲ့ အိမ်ကို လေ့လာနေသလိုလို၊ ချောင်းနေသလိုလို  သတင်းတွေ ကြားရပါတယ်။ သူ့ကို မယုံရဲကြတော့ပါဘူး။

    သက်သေတွေ ရှိတဲ့ အတွက် ငြင်းရမရကြောင်း၊ နောက်မဖြစ်အောင် ဂရုစိုက်နေဖို့ နဲ့ ဖြစ်လာရင် တရားဥပဒေအရ အရေးယူခံရမယ့် အကြောင်းပြောပြပြီး ကာယကံရှင်မိသားစုကို တောင်းပန်စေလိုက်ပါတယ်။ ကြီးတဲ့အမှုငယ်စေပေါ့။နှစ်ဘက်ကြေအေးအပြီးမှာ

  အဲဒီလူဟာ ရုတ်တရက် ငိုကြွေးပြီး မြေကြီးပေါ် ထိုင်ချလိုက်ကာ ကျွန်တော့်ကို ရှိခိုး ကန်တော့တယ်။ သူဒီလိုလူ မဟုတ်ပါဘူးတဲ့။ ကျွန်တော် ဘာမှ မသိရပါဘူးတဲ့။ ကျွန်တော့်စိတ်တွေ လွတ်သွားလို့ ဖြစ်ရတာပါ။ကျွန်တော်အရမ်းရှက်ပါတယ် ဆိုပြီး ‌ရှိုက်ကြီးတငင် ငိုကြွေးရင်းပြောလာပါတယ်။

     ဟန်ဆောင်နေသလားလို့ကျွန်တော်ကြည့်လိုက်ပါတယ်။ အချို့လည်း ဟန်ဆောင်ကောင်း သရုပ်ဆောင်ကောင်းတာ သိနေတယ်လေ။ အခုတော့ ဒီလူ တစ်ကယ့်ရင်ထဲက ပြောနေတာပါဆိုတာ သိလိုက်ရတယ်။

    “ကဲ ထပါ။ ခင်ဗျား ပြစ်မှု ကျူးလွန်တာ မှ မဟုတ်သေးတာ။ ကြိုတင်ကာကွယ် တဲ့ သဘောနဲ့ သာ ခင်ဗျားကို ဝိုင်းထိန်းပေးတာ။သတိပေးထားတာပါ “ဆိုပြီး ပြန်လွတ်လိုက်တယ်။ လင်မယားနှစ်ယောက် ငိုရင်းရှိုက်ရင်း ပြန်ထွက်သွားကြတယ်။စိတ်မကောင်းစရာပါပဲ။

    သူတို့ ထွက်သွားတော့ မှ မိတ်ဆွေ တစ်ယောက်က ပြောပြတယ်။

” အဲလူက အရင်ကလူကောင်းဗျ “
   ” ဟင် ” ဘယ်လိုကောင်းတာလဲဗျ၊ လင်းပါဦး”

“သူကလူကောင်းပါ၊ အလုပ်ကြိုးစားတယ်၊ ဖင်ပေါ့တယ်၊သာရေးနာရေး အားကိုးရတယ်”

” အခုကျ ဘယ်လိုဖြစ်သွားတာလဲဗျာ”
   “ဒီလိုဗျ  သူ့မိန်းမက ကျန်းမာရေးမကောင်းတော့ အိပ်ယာထဲ လဲနေတယ်။ သူ့မှာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိပုံရတယ်။ အိမ်ထောင်ရေးသုခပဲ မခံ‌စားရတော့လို့ လား မသိဘူး ။သူ့ဇနီးနာတာရှည် ရောဂါသည်စဖြစ်ကတည်းက အဲလိုဖြစ်သွားတာ။သားသမီးလည်း မရှိဘူး။ တစ်ယောက်တည်းနေတတ်တဲ့သဘောရှိတယ်။ ထိုင်ပြီး သူ့ဖုန်းလေးပဲ ကြည့်နေတာများတယ်”

    သူ၏အကြောင်းကို စိတ်ဝင်စားရာမှ  သူ့ဇနီး သည် နှင့် ထပ်ဆွေးနွေးဖြစ်တယ်။

“ကျွန်မယောက်ကျားက ကျွန်မကို သိပ်ချစ်တာပါ၊ ကျွန်မ ရောဂါသည်ဖြစ်ပြီးတဲ့နောက်ပိုင်း သူအိမ်မှာ တစ်ယောက်တည်းကျန်ရင်းနေရင်းကနေ အဲလိုဖြစ်သွားတာ။တခါတခါ သူ့ဘာလုပ်နေတယ်ဆိုတာ သူမသိဘူး။ သူ့ကိုကျွန်မ ဆေးရုံတွေ ဘာတွေ တင်ကုကြည့်ချင်တယ်။ သူ့အဖေလည်း သူ့လို စိတ်လွတ်လွတ်သွားတဲ့ ရောဂါ ဖြစ်ဖူးတယ် ။ကျွန်မ သူ့ကို ရအောင်ထိန်းမှာပါ၊စိတ်ချပါ၊ အရင်တခါလည်း စိတ်လွတ်သွားလို့ ရွာပြန်ဆေးကုတော့ သက်သာသွား‌ေသးတယ်”
လို့ ပြောပါတယ်။
   
     အော် လောကမှာ စာရေးသောက်ရေး ငွေရေးကြေးရေး သိပ်မပူပင်ရပေမယ့် အချို့ လူတွေ ကျတော့လည်း အနာရောဂါတွေ ခံစား နေရတယ်။ စိတ်ကစဉ့်ကလျားတွေ ဖြစ်နေကြရတယ်။ အိမ်ထဲမှာ မိသားစု ထဲမှာ ဝမ်းမြောက်မှု မရှိကြဘူး။ နေ့စဉ်ဆိုသလို ကြေကွဲနေကြရတယ်။ စိတ်ညစ်နေကြရတယ်။ ဒါဟာ ဘာကြောင့်လဲ ???? ဘယ်လို အ မင်္ဂလာတွေက မိသားစုကြားမှာဖြစ်ပေါ်နေရာယူနေရတာလဲ???

    ကျွန်တော်တို့ လူသားတွေဟာ နေ့စဉ် မနက်မိုးလင်းကနေစပြီး တွေးတောစဉ်းစားရတာတွေ ရှိပါတယ်။ဒီ‌ေန့ လောကကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုပြီး စတွေးတောကြတတ်ပါတယ်။သွားရေးလာရေး၊ စားရေးဝတ်ရေး၊အလုပ်အကိုင်၊ အခမ်းအနား၊ သားရေးသမီးရေး ၊ငွေကြေး၊ စတာတွေ စဉ်းစားကြရပါတယ်။

တစ်နေ့တစ်နေ့ ငွေကြေးရဖို့ ၊ရာထူးရဖို့၊ အာဏာရဖို့၊ လိုချင်တာ ရဖို့ အတွက်လည်း လောဘတွေ နဲ့ အခြေခံပြီး စဉ်းစား တွေးခေါ် ဆောင်ရွက်နေကြပါတယ်။ ကိုယ့်နေရာ တည်မြဲဖို့၊ ကိုယ့်ပြိုင်ဖက်အပေါ်အသာရဖို့ ကြံစည်အားထုတ်နေတတ်တယ်။ ကိုယ့်မန်နေဂျာကို လက်စားချေဖို့၊ပညာပေးဖို့ တေးနေကြတယ်။ ဘာသာတိုင်းမှာ သူ့အသက်ကို မသတ်ရဘူးဆိုတာ ဝန်ခံ သိထားကြပေမယ့်  ‌နှလုံးသားထဲကတော့ လူသတ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်နေမိကြတယ်။ ပြောချင်တာက မနက်မိုးလင်းလို့ စတင်တွေးတဲ့ အတွေးတွေက ကြည်လင်လန်းဆန်းတဲ့ အတွေးတွေ မဖြစ်ပဲ များသောအားဖြင့် ညစ်ထေးတဲ့ အတွေးတွေ ကို နေရာပေးမှုကြောင့် နှလုံးသားထဲမှာ အပြစ်တွေ ကျိတ်ပြီး ကျူးလွန်နေမိကြပြီ ဖြစ်ပါတယ်။ မကောင်းစိတ်၊ အပြစ်မြင်စိတ်၊မနာလိုစိတ်နဲ့လောဘစိတ်တွေနဲ့ ရင်းနှီးအသားကျလာကြပါတယ်။

    ကြာလာတဲ့ အခါမှာ ကိုယ့်မှာ မသိစိတ်ကစွဲလမ်းလာတယ်။ နှလုံးသားပေါ်မှာ ကိုယ်ဦးစားပေးတဲ့အရာတွေနဲ့ ထပ်ခါထပ်ခါ ထုံမွမ်းလာတယ်။ ပြောရရင်တော့ ကိုယ့်ရဲ့ နှလုံးသားပလ္လင်မှာ ဘယ်အရာကို တင်ထားသလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဘုရားကိုတင်မလား၊ နတ်ဆိုးကိုတင်မလား။ ကိုယ့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ကိုယ့်အတွေးတွေကို ဘုရားရဲ့ အုပ်စိုးမှုပေးမလား။ နတ်ဆိုးရဲ့ အုပ်စိုးမှုပေးမှာလားဆိုတာ ကျွန်တော်တို့ဘဝ၊ကျွန်တော်တို့ပုံစံ  ကို ပုံဖော်နေတာပဲ ဖြစ်ပါတယ်။ ဒီအပေါ်မူတည်ပြီး ကျွန်တော်တို့ ပုံသဏ္ဌာန်တွေ ပြောင်းလဲ လာကြပါတယ်။

    ထူးခြားတာ တစ်ခု ထပ်ကြားရတယ်။ အဲဒီလူဟာ လူငယ်တွေနဲ့ တွေ့ရင် သူ့ရဲ့ ဖုန်းထဲကို ကာလသားကြိုက် ညစ်ညမ်းဇာတ်ကားတွေ၊ပုံတွေ ထည့်ခိုင်းတယ်လို့သိရပါတယ်။ ရပ်ကွက်ကင်း၊ဘာကင်း၊ညာကင်း ကျရင်တောင် သူ့ကို ဗွီဒီယိုတွေ ထည့်ပေးပြီးရင် သူကပဲ တစ်ညလုံး အနစ်နာခံတာဝန်ယူစောင့်ပါတယ်။ ကျန်လူငယ်တွေကို အိပ်ခိုင်းထားတယ် သိရပါတယ်။

    တစ်ကယ်တော့ ဒီလူဟာ သနားစရာကောင်းပါတယ်။ တိုင်ကြားတဲ့ သူကိုယ်တိုင် ပြန်ပြီးစိတ်မကောင်းဖြစ်ရပြီး ငိုယိုနေတဲ့ သူ့ကိုတွဲခေါ်သွားပါတယ်။

“ခင်ဗျားကို ကျုပ်ရဲ့ အဖေလို၊ဦးလေးလို ခင်တာဗျာ၊ ခင်ဗျားကို အရှက်ခွဲချင်လို့ မဟုတ်ဘူး။ ပါတ်ဝန်းကျင်မှာ အမြင်မတော် လို့ပါ”

ဆိုပြီး ဖက်ပြီး ပြောပါတယ်။ သူလည်း ကလေးတစ်ယောက်လိုငိုနေဆဲပါပဲ။


     ကျွန်တော် ခြုံငုံသုံးသပ်လိုက်မိပါပြီ။ ဒီနေ့ဖြစ်တဲ့ ဖြစ်စဉ်ဟာ တစ်ကယ်တော့ ဘာမှ မဟုတ်ပါဘူး။ လက်ဆွဲတာလည်း မဟုတ်၊ အိမ်ထဲဝင်ဖို့လည်းမဟုတ်၊ ခပ်ဝေးဝေးကနေ ခြံစည်းကိုးကိုဖြဲပြီး ရ‌သလောက် ချောင်းကြည့်တဲ့ကိစ္စမျိုးပဲဖြစ်ပါတယ်။ ဘာမှလည်းဒီလောက်ကြီးမြင်ရတာ မဟုတ်ပါဘူး။လူတွေ လည်းရှိနေတယ်။ သူအရှက်ကွဲ ခံရနိုင်တာသိပေမယ့် စိတ်လွတ်သွားတဲ့အခါ မသင့်တော်တဲ့ အပြုအမူတွေ လုပ်ဖြစ်သွားတယ်။သူ့စိတ်က အဲဒီလို လုပ်ဖို့ တွန်းပို့ခံနေရသလိုပဲ အကြည်ညိုပျက်စေတဲ့ အလုပ်တွေကို လုပ်ဖြစ်သွားတာဖြစ်ပါတယ်။

     တစ်ကယ်တော့ သူဟာထင်သလောက်ဆိုးရွားနေတဲ့ သူမဟုတ်ပါဘူး။ စိတ္တဇ ဆန်ဆန်၊နှစ်ကိုယ့်တစ်စိတ်ဆန်ဆန် ယဉ်ယဉ်လေးနဲ့ တေဒနာခံစားနေရတာ မျိုးပါ။ကျွန်‌ေတာ်စကား‌ေပြာရင်းနဲ့ကို သူကြောင်ပြီးကြည့်‌ေနတာ အတော်ကြာပါတယ်။ ပြီးမှ လန့်နိုးသလို ဖြစ်ပြီး အသိစိတ်ပြန်ဝင်လာပါတယ်။ ကြာရင်တော့ ပိုဆိုးလာနိုင်ပါတယ်။ ဆေးကုပြီးလည်း တစ်လနှစ်နေရင် တစ်ခါနှစ်ခါလောက် ပြန်ဖောက်တယ် သိရတယ်။ဒီအတိုင်း ဆက်နေမယ်ဆိုရင် ဒီ ဘဝ ကနေ လွတ်မြောက်ဖို့ မလွယ်ပါဘူး။

     ကျွန်တော်တို့ မျက်လုံးဟာ စိတ်ရဲ့ ပြတင်းပေါက်တွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာကြည့်နေသလဲဆိုတာ ပေါ်မူတည်ပြီး ကျွန်တော်တို့ ပြောင်းလဲလာမှာဖြစ်ပါတယ်။ လောကကိုအကျိုးပြုနေသူတွေအကြောင်း၊ ကောင်းမွန်တဲ့သူတွေ အကြောင်း၊ဘဝမှာ အောင်မြင်နေတဲ့ သူတွေ အကြောင်း များများကြည့်ရင် ကျွန်တော်တို့ ဘဝမှာ အကောင်းမြင်စိတ်တွေ၊ ခံစားမှုကောင်းတွေ၊ခွန်အားတွေ ရလာမှာဖြစ်ပါတယ်။အတုယူအားကျစရာတွေဖြစ်လာတယ်။ အကြည့်တွေ့က အရေးပါသလို တကိုယ်တည်းနေတဲ့အချိန်တွေမှာ အတွေးတွေကလည်း စတင်ဝင်ရောက်လာနေတာဖြစ်ပါတယ်။

     ဒါပေမယ့်  မကောင်းတဲ့အရာတွေ၊သတ်တာ ဖြတ်တာတွေ၊ ဝေဖန်အကဲဖြတ်တာတွေ၊ ဆဲဆိုပြစ်တင်နေတာတွေ၊ ညစ်ညမ်းရုပ်ရှင်တွေ ၊porn site တွေပဲ ကြည့်နေမိပြီဆိုရင်တော့ နတ်ဆိုးကို ကျွန်တော်တို့ နှလုံးသားမှာနေရာယူခွင့်ပေးနေပါပြီ။ နတ်ဆိုးကို ကျွန်တော်တို့ဆရာတင်မိသလိုဖြစ်နေပါပြီ။

လူတွေ ဟာ ခြောက်ပစ်ကင်းရယ်လို့ မရှိပါဘူး။ ကောင်းတဲ့စိတ်တွေ ရှိသလို မကောင်းတဲ့ စိတ်တွေကလည်း ဒုနဲ့ဒေးပါ။မကောင်းတဲ့အာရုံကိုမှပိုနှစ်သက်တတ်တာ လူ့သဘာဝပါ။ မကောင်းတာကို ကြိုက်တာ ကိုယ့်ဗီဇထဲ ဒီအင်န်အေ ထဲမှာ ပါလာပြီးသားမို့ပါ။ မှောင်မည်းနေတဲ့ နေရာတစ်ခုမှာ အမှောင်ထုကို အတင်းကြိုးစားပြီး တိုက်ထုတ်မောင်းနှင်ဖို့ ခက်ပေမယ့် အဲဒီနေရာမှာ အလင်းရောင် ဝင်ရောက်ထွန်းညှိ လိုက်တာနဲ့ အမှောင်ဟာ ထွက်ပြေးသွားရတာဖြစ်ပါတယ်။

       ဂျပန်ရှေးရိုးသွန်သင်မှုတွေအရ ရင်ထဲမှာ ဝံပုလွေနှစ်ကောင်ရှိတယ်တဲ့။ အဖြူနဲ့ အမည်း။ အဖြူကောင်က သူတော်ကောင်း။ အမည်းကောင်က နတ်ဆိုး။ ဘယ်အကောင်ကို အစာပို ကျွေးကြမလဲ။

     အဖြူကို ပဲကျွေးရင် အမည်းဟာ ကျုံလှီလာမှာပဲဖြစ်ပါတယ်။ အမည်း ကောင်ကို ပဲ ကျွေးနေရင်တော့ အဖြူကောင်ဟာ ကျုံလှီသေးကွေးနေမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နှလုံးသားထဲက နတ်ဆိုးနဲ့ တူတဲ့ အကောင်ကိုအစာ မကျွေးပဲ နေကြစို့လား။

      စိတ်ဆိုး စိတ်ညစ်တွေချည်းနေရာယူလာရင်၊ ကာမတဏှာကြီးပဲနေရာယူလာရင် ၊အသိစိတ်ပျောက်သွားတဲ့အခါ မြင်မြင်သမျှကို ရာဂစိတ်ပဲဖြစ်ပေါ်နေတတ်တယ်။ ကြမ်းတမ်းရိုင်းဆိုင်းတဲ့အမူအယာတွေ အမြဲစောင့်ကြည့်နေရင် ကိုယ့်ရဲ့အပြောအဆိုတွေကလည်း ကြမ်းကြုတ်ရိုင်းစိုင်းလာနိုင်ပါတယ်။ကိုယ်ကြည့်မိတဲ့အရာတွေကနေ ကိုယ့်စိတ်ကို စိုးမိုးလွှမ်းမိုးလာတတ်တဲ့ သဘောမို့ ဖြစ်ပါတယ်။

    ညစ်ညမ်းကားတွေ၊ချောင်းရိုိက်ကားတွေပဲ ကြည့်တာများလာရင် လည်း ကိုယ့်ပတ်ဝန်းကျင်က မြင်တွေ့သမျှ၊ ဖြတ်သွားဖြတ်လာ မိန်းမတွေမှန်သမျှကို ကိုယ်ကြည့်ဖူးထားတဲ့ အမြင်တွေနဲ့ ပဲ ဆက်စပ်ပြီး ကြံစည်တွေးတော ပြုမူလာနိုင်ပါတယ်။

အခုခေတ်က အင်တာနက်ခေတ်ဖြစ်တဲ့ အတွက်ကြောင့် ခလုတ်တစ်ချက်အတွင်းမှာ သင်ဘာကို ကြည့်ချင်သလဲ၊ ကြည့်ချင်တာ ကြည့်လို့ရတဲ့ခေတ်ဖြစ်ပါတယ်။ သင့်ရွေးချယ်မှုအပေါ်ပဲမူတည်ပါတယ်။ ဒါကြောင့် နောက်ပိုင်း ဆိုရှယ်မီဒီယာ သုံးတဲ့ လူငယ်လူကြီးတွေကို အကြံပြုထားတာ တစ်ခုက ကိုယ့် ကွန်ပျူတာကို မိသားစုကြားမှာ၊ လူမြင်ကွင်းမှာ သုံးတဲ့ အကျင့်ကို အားပေးနေတာ တွေ့ရပါတယ်။ တစ်စတစ်စ နဲ့ မကြည့်သင့်တာတွေကို မကြည့်ဖြစ်တော့ဘူး ဖြစ်ပါတယ်။အလွယ်ဆုံးနည်းဖြစ်ပါတယ်။

    ကျွန်တော်တို့ နတ်ဆိုး ကို ဖိတ်ခေါ်တဲ့ မကောင်းတဲ့ အာရုံကို အားပေးစေတဲ့ အကြည့်တွေ မကြည့်ပဲ စိတ်အဟာရပြည့်မှု၊ ချမ်းမြေ့မှု၊ သည်းခံမှု၊ ကြင်နာမှုနဲ့ ဝမ်းမြောက်မှုတွေကို ဖြစ်စေတဲ့ လူတွေ၊စာတွေ ၊ဖြစ်ရပ်တွေ ကို သာ အာရုံစိုက်၊နေရာပေး၊အချိန်ပေးပြီး နတ်ဆိုးရဲ့ အုပ်စိုးမှုကနေ လွတ်မြောက်အောင် နေထိုင်သွားကြဖို့ လိုတယ်လို့ ထင်မြင်မိပါတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်


၅.၅.၂၀၂၀( ၂၀:၄၈)
  
    

ဆုတောင်း

ဆုတောင်း

ဆရာဝန်တစ်ယောက်ဟာ လေယာဉ်ကွင်းကို ရောက်ရှိနေတယ်။ အခြားမြို့ တစ်မြို့မှာ အစည်းအဝေး တစ်ခုရှိလို့‌ေလယာဥ်‌ေစာင့်‌ေနတာဖြစ်ပါတယ်။

ဒါပေမယ့် ရာသီဉတု ဆိုးရွားလာတဲ့အတွက် ကြောင့်လေယာဉ်က အခြားကွင်းမှာ အရေးပေါ်ဆင်းလိုက်ရတယ်။သူ့မြို့ကို မရောက်လာတော့ပဲ ပြေးဆွဲမှုအစီအစဉ်က ပယ်ဖျက်ကြောင်း သိလိုက်ရတယ်။

လေဆိပ်ရဲ့ Help Desk မှာ နောက်ထပ်လေယာဉ်ရှိနိုင်မလား စုံစမ်းတော့လည်း နောက်ထပ် ၁၀နာရီအတွင်း မရှိနိုင်ဘူးဆိုတာသိရတယ်။ ဆရာဝန်က အစည်းအဝေးကိုလည်း လက်မလွှတ်ချင်ဘူး။ ဘယ်လိုလုပ်ရမလဲ ကူညီပါလို့ ပြောတယ်။ လေဆိပ်အမှုထမ်းတွေ က ကားငှားပြီးသွားနိုင်ကြောင်း ပြောပါတယ်။

ဆရာဝန် ကားငှားပြီး ထွက်လာပါတယ်။ နှစ်နာရီလောက်သွားပြီးတဲ့ အခါ မုန်တိုင်းကျလာတယ်။ မိုးတွေ သဲသဲမဲမဲ ရွာလာတယ်။ ကားဆက်မောင်းလို့ကို မရတော့တဲ့ အခါ တစ်နေရာမှာ လမ်းဘေးကို ချရပ်လိုက်ရတယ်။ လမ်းသွားလမ်းလာလည်း တစ်ယောက်မှ မတွေ့ရဘူး။ ဗိုက်ကလည်း အရမ်းဆာလောင်နေတယ်။

အကူအညီတောင်းဖို့ ရှာရင်း အနီးမှာ ကျေးလက်တဲအိမ်လေးတစ်အိမ်ကိုတွေ့တော့ အဲဒီကို ပြေးသွားလိုက်တယ်။ အိမ်တံခါးဝကနေ တံခါးကိုခေါက်တော့ အိမ်ထဲက အမျိုးသမီးကြီးတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ ဖုန်းတစ်ချက်လောက် ဆက်ချင်လို့ အကူအညီပေးပါ လို့ပြောတော့ အမျိုးသမီးကြီးက လျပ်စစ်မီးလည်း မရကြောင်း၊ဖုန်းလည်း မရှိကြောင်း ပြောပြတယ်။ သူစိတ်ညစ်သွားတယ်။

အမျိုးသမီးကြီးက စိတ်ပျက်နေတဲ့သူ့ကိုကြည့်ပြီး ဖုန်းဆက်မရပေမယ့် အိမ်ထဲဝင်ပြီး နွားနို့ပူပူလေးနဲ့ ပေါင်မုန့်လေးစားလို့ရနိုင်ပါတယ်လို့ ဖိတ်ခေါ်လိုက်တယ်။ သူလည်း ဗိုက်ဆာနေတော့ ဖိတ်ခေါ်မှုကို လက်ခံလိုက်တယ်။ စားပွဲပေါ် ချပေးတဲ့ နွားနို့နဲ့ ပေါင်မုန့်ကို အားရပါးရစားမိတယ်။

စားနေရင်း သတိထားမိတာက အမျိုးသမီးကြီးက အိပ်နေတဲ့ ကလေးတစ်ယောက် ဘေးမှာ သွားပြီး ဆုတောင်း စကားတွေ ပြောနေပုံကို တွေ့လိုက်ရတယ်။ သူ မုန့်စားပြီးခါနီးမှာ အမျိုးသမီးကြီးက နောက်တစ်ကြိမ်ဆုတောင်း နေတာ ထပ်တွေ့ရပြန်တယ်။ သူစိတ်ဝင်စားသွားတယ်။ အမျိုးသမီးကြီးက တစ်ခုခုကို ခဏခဏ ဆုတောင်းနေပုံပဲ။ သူကြည့်နေတာကို အမျိုးသမီးကြီး သတိပြုမိသွားတယ်။ မုန့်ပန်းကန်တွေ ပြန်လာသိမ်းရင်း "ဆုသာတောင်းရတယ်၊ဒီဆုတောင်းကတော့ အတော်ခက်ခဲ့မှာပါပဲ၊ဒါပေမယ့် ကိုယ်လည်းမတတ်နိုင်တော့ ဆုပဲတောင်းနေရတယ် လေ" လို့ နုတ်ကထုတ် ပြောပြလိုက်တယ်။ သူစိတ်ဝင်စားသွားတယ်။ စိတ်မရှိရင် ဘာကို ဆုတောင်းတာလဲဆိုတာ သိချင်သွားတယ်။

“အဒေါ်ကြီး ဆုတောင်း တာ ဘာလဲဆိုတာ သိချင်ပါတယ်၊ဘယ်လိုခက်ခဲတဲ့ဆုတောင်း မျိုးလဲဆိုတာ ပြောပြလို့ရမလားခင်ဗျာ” လို့မေးလိုက်တယ်။ အမျိုးသမီးကြီးက ကလေးက သူ့မြေးဖြစ်ကြောင်း၊ ငယ်ငယ်ကတည်းက ကင်ဆာရောဂါခံစားနေရကြောင်း၊ အနီးအနားက ရသမျှဆရာဝန်တွေ နဲ့ ပြကြည့်တာ အဆင်မပြေကြောင်း၊ ကင်ဆာရောဂါအထူးကုနဲ့မှ ကုသရမည်ပြောကြကြောင်း၊ သူ့အနေနဲ့ အိမ်ကလွဲလို့ အခြားဘယ်နေရာမှ သွားဖို့လည်း မဖြစ်နိုင်ကြောင်း ၊ဆရာဝန်ဆီသွားဖို့ ဟာ အလွန်ခက်ခဲတဲ့အတွက် ဘုရားဆီမှာပဲ ဆုတောင်းနေမိတာဖြစ်ကြောင်း ပြောပြလာပါတယ်။

အဲဒီအခါမှာ သူပြုံးလိုက်တယ်။ ပြီးတော့ ဝမ်းသာစွာပြောပြလိုက်တယ်။ “အဒေါ်ကြီး ကျွန်တော်က ကင်ဆာအထူးကုဆရာဝန်ကြီးပါ။ အဒေါ်ကြီးရဲ့ မြေးကို ကုသပေးနိုင်ပါတယ်။ကျွန်တော် ကုသပေးပါ့မယ် “လို့ပြောလိုက်တယ်။

“တကယ်တော့ အဒေါ်ကြီးက ဆရာဝန်တွေဆီ မသွားနိုင်ပေမယ့် အဒေါ်ကြီး ဆုတောင်းတဲ့ ဘုရားကတော့ ဆရာဝန်တစ်ဦးကို အဒေါ်ကြီး အိမ်ကိုရောက်အောင်ပို့ဆောင်လိုက်ပါပြီ။”

စကားစ ခဏဖြတ်ရင်း တစုံတရာကို စဉ်းစားဟန်ပြုလိုက်ပီးတော့ ….

” ကျွန်တော် ခရီးသွားဖို့ဖြစ်လာတယ်။လေယာဉ်အစီအစဉ်ပျက်တယ်။ကားငှားပြီး လာဖြစ်တယ်။ လမ်းမှာ မုန်တိုင်းကျတယ်။ တစ်နေရာမှာ ကားရပ်လိုက်ရတယ်၊ပြီးတော့ အဒေါ်ကြီးအိမ်ကို ကျွန်တော် ရောက်လာတယ်၊ဒါတွေဟာ မတော်တဆတွေ ဆိုတာထက် အဒေါ်ကြီး ဆုတောင်းလို့ ဘုရားက စီမံ ပေးတာလို့ ပဲ ကျွန်တော်ယုံကြည်ပါတယ်”လို့ ပြောလိုက်တယ်။

အဒေါ်ကြီးဟာ နားထောင်ရင်း မျက်ရည်တွေ စီးကျလာပါတယ်။ ကြည်နူးဝမ်းသာလွန်းလို့ ကျလာတဲ့ မျက်ရည်များသာ ဖြစ်ပါလိမ့်မယ်။ဒီအကြောင်းအရာလေးကို ကျွန်တော် Internet ထဲမှာ ရှာဖွေ ဖတ်ကြည့်မိတာဖြစ်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာနဲ့ဖြစ်လို့ အဆင်ပြေသလို ဘာသာပြန်ပြီးမျှဝေတာဖြစ်ပါတယ်။

ဒီဝတ္တုတိုလေးထဲမှာ ဘုရားကိုဆုတောင်းလို့ တောင်းဆုပြည့်ရပုံလေးကို ကြည်နူးဖွယ် ရေးထားတာပါ။ သူဆုတောင်းတာ ဘယ်ဘာသာ ဘယ်ဘုရားလဲဆိုတာ စာရေးသူက ဖော်ပြမထားပါဘူး။

လူသားတွေဟာ ယုံကြည်ရာ ဘာသာ အသီးသီးကို ကိုးကွယ် ဆုတောင်းနေကြသူများဖြစ်ပါတယ်။ ကိုယ်နိုင်တာတွေ ကို ကိုယ်လုပ်ပြီး မနိုင်တာတွေကို ဘုရားဆီ ဆုတောင်းတတ်ကြပါတယ်။ အနည်းဆုံး စိတ်သက်သာရာ ရကြရပါတယ်။ ကိုယ့်ဘာသာတရားနဲ့ ကိုယ် ဆုတောင်းခြင်းဟာ ဘာသာရေးမှာ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်သလို…ဆုတောင်းတဲ့ အတွက် ဆုတောင်းပြည့်တာ ၊ဘုရားကူညီ မ စ တာတွေလည်း ခံကြဖူးသူတွေ ရှိကြမှာဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ကတော့ ဝတ္တုကို သုံးသပ်ကြည့်မိတဲ့ အထဲမှာ ဆုတောင်းကြရုံအပြင် အဒေါ်ကြီးရဲ့ စိတ်စေတနာ ကောင်းတာကြောင့်လည်း ဆရာဝန်ကြီးရဲ့ ကူညီပေးတဲ့ အခွင့်ကို ရ ရှိသွားတယ်လို့ မြင်မိပါတယ်။ စေတနာအကျိုးပေးတယ်ခေါ်မလား။ အ ဒေါ်ကြီးရဲ့ ဆုတောင်းဟာ တိုက်ဆောက်ဖို့ ၊ကားစီးဖို့ မဟုတ်ဘူး၊ ငွေတွေ ချမ်းသာလာဖို့လည်းမဟုတ်ဘူး။ ပကာသနတွေအတွက် မဟုတ်ပါဘူး။စည်းစိမ်ခံဖို့‌ေတာင်းတာလညါး မပါပါဘူး။တကယ်လိုအပ်နေတဲ့ သူ့မြေးလေးအတွက် သနားကြင်နာစိတ်အပြည့်နဲ့ တောင်းတဲ့ဆုပါ။ဆုတောင်းတဲ့ အထဲမှာ သူ့အတွက်မပါဘူး။ အခြားသူအတွက်ဖြစ်ပါတယ်။

ဒါ့အပြင် အဒေါ်ကြီးရဲ့ စိတ်နေသဘောထားတွေကို သူ့လုပ်ရပ်တွေအရအသေးစိတ် ခန့်မှန်းကြည့်မြင်နိုင်ပါတယ်။ တံခါးလာခေါက်သူကို ဖွင့်ပေးတယ်။ ဒုက္ခရောက်နေတဲ့ မိုးသည်းထဲက လူကို တတ်နိုင်သလောက် ကူညီပေးတယ်။ဒီလူ ဘယ်ကလဲ၊ဘယ်သူလဲ ဆိုတာ မသိပေမယ့် အစာရေစာ ကျွေးမွေးပေးတယ်။သူ့ရဲ့ စိတ်ရင်းအခံက အလွန်ကောင်းလှပါတယ်။ သူ့မြေးလေးအပေါ် လည်း အလွန်ချစ်တယ်။ ရောဂါဖြစ်နေတာ သနားတယ်။ မေတ္တာစိတ်နဲ့ အမြဲ ဆုတောင်း မေတ္တာ ပို့‌ေပးနေတယ်။ သူမတတ်နိုင်တာကို ဘုရားဆီ အကြိမ်ကြိမ် ရိုးသားစွာ စိတ်ရင်းမှန်နဲ့ ဆုတောင်းတယ်။ ဒီလို စိတ်နှလုံးသဘောထားတွေက အချက်တွေ က နှစ်သက်စရာ ဖြစ်တယ်လို့ ထင်မြင်မိပါတယ်။

ချမ်းသာသူတွေ တချို့တောင် နွမ်းပါးသူတွေအတွက် ဂရုမစိုက်၊စေတနာ မထားနိုင်ကြတဲ့လောကကြီးမှာ မရှိဆင်းရဲသား အဘွားအိုတစ်ယောက်က လူချမ်းသာ လူဂုဏ်တန် တစ်ယောက်ကို အကျိုးမလိုပဲ ၊ဘာမှ မျော်လင့်ချက်မပါပဲ မုန့်နဲ့ နွားနို့ ‌ေကျွးမွေး ပေးနိုင်ခဲ့တဲ့ ရိုးသားတဲ့ စိတ်စေတနာက ပိုမို လေးစားဖွယ်ဖြစ် ကြောင်းတွေ ရပါတယ်တယ်။ ဒီလိုစိတ်နေသဘောထားရှိတဲ့ သူကိုကျွန်တော်တို့ နှစ်သက်တဲ့ အပြင် အဒေါ်ကြီးကိုးကွယ်တဲ့ ဘုရားကလည်း ပိုလိုလား နှစ်သက်မယ်၊ သူ့ဆုတောင်းတွေကို အလေးအနက်ထားမယ်ဆိုတာ ယုံကြည်မိပါ‌ေတာ့ တယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

Refer:Moralstories26, Source Internet.

သူတောင်းစားကြီးနဲ့ချာပါတီ

သူတောင်းစားကြီးနဲ့ ချာပါတီ

တစ်ခါတုန်းက ရွာတစ်ရွာမှာ အမျိုးသမီးတစ်ဦးနေထိုင်တယ်။ အမျိုးသမီးဟာ သူ့မိသားစု စားဖို့ ချပါတီ မုန့်တွေ နေ့စဉ်လုပ်တယ်။ လိုအပ်တာထက် အမြဲတမ်း တစ်ချပ်ပို လုပ်တယ်။ အဲဒီ ချပါတီကို ပြုတင်းပေါက်အောက်ခြေဘောင် အစွန်း အပြင်ဘက်မှာ စားချင်သူတွေ စားလို့ရအောင် ထားပေးတယ်။ လူမစားရင်တောင် နောက်ဆုံး ကြက်ကလေးတွေ ဘာတွေ စားကြပါစေပေါ့။

အသက်ကြီးကြီး သူတောင်းစား ကြီး တစ်ယောက်က သူလှူထားတဲ့ ချပါတီကို အမြဲ လာယူစားတယ်။လာယူသွားတိုင်း နုတ်ကနေ ရွတ်ဆိုသွားတယ်။ သူ ရွတ်ဆိုတာကတော့ “”မကောင်းမှုတွေဟာ မင်းဆီးမှာ ကျန်ခဲ့မှာ၊ကောင်းမှုတွေကတော့ မုချပြန်လာမှာ”လို့ ရွတ်ဆိုတာ ဖြစ်ပါတယ်။ သူတောင်းစားကြီးက နေ့စဉ်ရက်ဆက် ချပါတီကို လာယူပါတယ်။ လာယူတိုင်းလည်း အရင်လိုပဲ ရွတ်ဆိုသွားတတ်ပါတယ်။ အမျိုးသမီးက သိပ်တော့ နားမလည်လှပါဘူး။ နေ့တိုင်းလာစားနေတဲ့ သူတောင်းစားကြီးကိုလည်း သိပ်သဘောတွေ့လှတာ မဟုတ်တော့ဘူး။

တစ်ရက်တော့ စိတ်ကူးတစ်ခုရတယ်။ ဒီအဘိုးကြီးပြောစကားဟာ မမှန်လောက်ဘူး။ စမ်းသပ်ကြည့်မှပဲ။ မကောင်းတာ က ကိုယ့်ဆီပဲ ပြန်လာတတ်တယ် ဆိုတာလည်း မဟုတ်လောက်ဘူး။ဘာတွေ ပြောနေမှန်းမသိဘူး။ ဒီနေ့ သူ့ယူမယ့် ပါတီ အပို တစ်ချပ်ကို အဆိပ်ထည့်ပီး လုပ်ကြည့်လိုက်မယ်။ဘာတွေ ငါ့ဆီ မကောင်းတာ ရောက်လာနိုင်လို့လည်းဆိုတာ ကြည့်ကြသေးတာပေါ့ ဆိုပြီး စမ်းလုပ်ကြည့်လိုက်တယ်။ အဆိပ်ပါတဲ့ ချာပါတီ ကို လုပ်ပြီးတဲ့ အခါ အမျိုးသမီးစိတ် ပြန်ပြောင်းသွားတယ်။ ငါ ဘာမကောင်းတဲ့ အရာတွေ လုပ်နေမိပါလိမ့်ဆိုပြီး အဆိပ်ပါတဲ့ ချာပါတီကို မီးဖိုထဲ ထည့်ပစ်လိုက်တယ်။ နောက်ထပ်အသစ်တစ်ခု ထပ်လုပ်တယ်။ ပြီးတော့ ခါတိုင်းလိုပဲ အိမ်ရှေ့မှာ ချထားပေးလိုက်တယ်။ ခဏနေတော့ သူတောင်းစားကြီး ရောက်လာတယ်။ ချာပါတီကိုယူတယ်။ နုတ်ကနေ ရွတ်နေကျအတိုင်း ရွတ်ဆိုသွားတယ်.....

“မကောင်းမှုတွေဟာ မင်းဆီကျန်ခဲ့မှာ၊ကောင်းမှုတွေကတော့ မုချပြန်လာမှာ”….. နေ့စဉ်နေ့တိုင်း ချာပါတီတစ်ချပ်ကုသိုလ်ဒါနလုပ်ရင်း အဝေးမြို့မှာအလုပ်သွားလုပ်နေတဲ့ သူ့သားကို ပြန်လာနိုင်ဖို့ဆုတောင်းနေတာဖြစ်ပါတယ်။ သူ့သားရဲ့သတင်းကလည်း မရတာ ကြာတော့ သားတစ်ယောက် ဘာများဖြစ်နေမလဲပေါ့။ အဲဒီညနေမှာ သူ့အိမ်ရှေ့တံခါးကို တံခါးခေါက်သံကြားတယ်။ တံခါးကို ဖွင့်လိုက်တော့ တံခါးဝမှာ ရပ်နေသူဟာ သူ့ရဲ့ သား‌ဖြစ်နေတယ်။ နုံးချိနေပြီး အဝတ်တွေကလည်း‌ေပစုတ်နေတယ်။ မိခင်က အရမ်းအံ့ဩဝမ်းသာသွားတယ်။ဘာတွေဖြစ်ခဲ့တာလဲသားရယ် လို့လဲမေးတယ်။ "အမေ။ ဒီနေ့မှာ ထူးထူးဆန်းဆန်း‌ေတွ တွေ့ကြုံရတယ်တယ်။ အမေ့အိမ် ပြန်အလာ လမ်းတစ်ဝက်မှာ အဆာလွန်ပြီး မူးမေ့ပြီး လမ်းဘေးကို ပြုတ်ကျ သွားတယ်။ သားကို သူတောင်းစား အဘိုးကြီးတစ်ယောက်က ရေတစ်ခွက်နဲ့ နဲ့ ချာပါတီ တစ်ခုကျွေး ခဲ့တယ်"။ ကျွေးရင်းနဲ့ သူပြောတာက ဒီချာပါတီက ငါနေ့တိုင်းစားနေကျတဲ့။ဒီနေ့တော့ မင်းက ငါ့ထက် ပိုလိုအပ်တယ်။ဒါကြောင့် မင်းစားလိုက်ပါ ဆိုပြီး ကျွေးကြောင်းပြောပါတယ်။ သူ့ရဲ့ မိခင် ရုတ်တရက် အံအားသင့်သွားသလို တစ်စုံတစ်ရာကို သတိရမိပြီး အနောက်ဘက်ကို လန်ကျသွားမလို ဖြစ်သွားတယ်။မနက်က လုပ်တဲ့ ချာပါတီ။ အဆိပ်ပါတဲ့ ချပါတီတစ်ချပ် ကို ဒီနေ့ ထားမိတော့မလို့။ မီးဖို ထဲသာမပစ်ခဲ့မိရင် သူ့သားစားတဲ့ ချာပါတီဟာ အဆိပ်ပါတဲ့ ချာပါတီ ဖြစ်သွားမယ်။ အခုတော့ တော်သေးလို့ပါလား ဆိုပြီး မကောင်းစိတ်တွေပေါ်ခဲ့တာကို အရမ်း နောင်တရ ကြောက်ရွံ့သွားတယ်။

“မကောင်းမှုတွေဟာ မင်းဆီ ကျန်ခဲ့မှာ၊ကောင်းမှုတွေကတော့ မုချပြန်လာမှာ” ဆိုတဲ့ စကားကို အမျိုးသမီးက တစ်ကယ်ကိုနားလည်သဘောပေါက်သွားခဲ့ပါတယ်။ ဒီအကြောင်းအရာလေးအရ ကျွန်တော်တို့တစ်တွေကို ပေးလိုက်တဲ့ ဆောင်ပုဒ်ကတော့ ....

” ကောင်းတာတွေကို ဆက်လုပ်ပါ။အကျိုး ချက်ချင်း မရရင်တောင် မရပ်လိုက်ပါနဲ့”
ဆိုတာပါပဲ။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

Source from internet.

လူတန်းစား

ကမ္ဘာ့သမိုင်းဆိုတာ လူတန်း စား အမျိုးမျိုးရဲ့ အားပြိုင်မှုနဲ့ တိုက်ပွဲတွေကို အဓိက မှတ်တမ်းတင်ထားတာ လို့ ရေးကြ ၊ပြောကြပါတယ်။ လူတန်းစား တွေ ကတော့ အမျိုးမျိုးရှိတယ်။ အလွှာမျိုးစုံဖြစ်ပါတယ်။

အဲဒီလူတန်းစားတွေ ဘယ်ကစသလဲ ဆိုတာလည်း သမိုင်းကြောင်းတွေ လေ့လာကြည့်မိသလောက် စိတ်ဝင်စားဖွယ်တွေ့ရှိရပါတယ်။ ရေကြည်ရာမြက်နုရာရွှေ့‌ေပြာင်းနေထိုင်ကြသလို မြို့ပြစနစ်တွေ အဆင့်ဆင့် တိုးတက်လာမှုတွေကနေ လူတန်းစားတွေ ရဲ့ သရုပ်ဟာ ပိုမိုပီပြင်လာကြရပါတယ်။

အဲဒီပြောင်းလည်းမှုတွေမှာ ဘာသာရေး ယုံကြည်မှုတွေ ထွန်းကားလာမှုကြောင့်အပြင် တီထွင်ဖန်တီးနိုင်မှုတွေ ကြောင့်လည်း ယနေ့ခေတ် ကမ္ဘာ့မြင်ကွင်း ဟာ တစ်စ တစ်စပြောင်းလဲ ဖြစ်ပေါ်ခဲ့ရတယ်ဆိုတာ သတိပြုမိပါတယ်။

ရောမ အလယ်ခေတ်က ဘုရင်နဲ့ ဘာသာရေး ဘုန်းတော်ကြီးတွေ အပြိုင် ပေါ်ပေါက်ခဲ့တယ်။ ဘုရင်က လူတွေရဲ့ ကိုယ်ခန္ဓာကို အုပ်ချုပ်သူ၊ သာသနာပိုင်က လူတွေရဲ့ စိတ်ဝိညဉ်ကို အုပ်ချုပ်သူအဖြစ် တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြတယ်။ ဘုရင်ကို ဘာသာရေး ဘုန်းကြီးတွေက ဘိတ်သိတ်ပေးတယ်။ကောင်းချီးပေးတယ်။ ဘုရင်က ဘုန်းတော်ကြီးတွေ ဆီက အကြံဉာဏ်တွေ ယူကြရတယ်။ အာဏာနဲ့ သာသနာ အတူ ပူးတွဲ အုပ်စိုးရင်းကနေ သူတို့ကြားအားပြိုင်မှုတွေ၊ အာဏာလုပွဲကြီးတွေ ပေါ်ပေါက်လာခဲ့ကြတယ်။အဲဒီ‌ေခတ်က အရည်အချင်းမရှိတဲ့ ဘုရင်တွေ တက်လာတဲ့ အခါမှာ မူးမတ်တွေ အတိုင်ပင်ခံတွေ ရဲ့ ကဏ္ဍက ကြီးစိုးလာခဲ့တယ်။

ဝန်ကြီးတွေ တိုင်ပင်ဆွေးနွေးတဲ့ အစည်းအဝေးကို ဝန်ကြီးတစ်ဦးစီက အလှည့်ကျ ကြီးမှုး ဆောင်ရွက်တဲ့ ဓလေ့ကနေ ဝန်ကြီးချုပ်စနစ် ဆိုတာတွေ ဖြစ်လာကြတယ်။ အုပ်ချုပ်ရေး လူတန်းစားအလွှာ၊အီလစ်(Elite) အလွှာ ဆိုတာတွေ ပေါ်ပေါက်ခဲ့ကြတယ်။ နယ်စားပယ်စားတွေ၊ဘုရင်ခံ စနစ်တွေနဲ့ နယ်ပယ်ချဲ့ထွင်လာတာတွေ ရှိလာတယ်။ အဲအချိန်တုန်းကဆိုရင် အင်္ဂလန်မြို့သားတွေက ဝင်ချက်စတာ မြို့သားတွေ ကို တိုင်းတပါးသား လို့ ခေါ်နေကြတဲ့ အချိန်ဖြစ်ပါတယ်။ အားနည်းတဲ့ မြို့စားနယ်စားတွေ ဆီ စုစည်းတိုက်ခိုက်ရင်း နောက်ပိုင်းမှာ ခရူးစိတ်စစ်ပွဲတွေ ခေတ်စား ပေါ်ပေါက်လာတယ်။

Winchester

‌မြို့စားနယ်စားတွေကအသုံးစရိတ်အတွက် ငွေတွေ လိုလာတယ်။ တစ်ချိန်တည်းမှာပဲ မြို့ပြတွေမှာ မားကက်လို့ ခေါ်တဲ့ ငါးရက်တစ်ဈေးက ထွန်းကားလာတယ်။ ဘုရားကျောင်းရှေ့ရင်ပြင်တွေ မှာ ဈေးဗန်းခင်းကြတယ်။ အရောင်စအဝယ် ထွန်းကားလာတဲ့ ခေတ်မှာ မြို့စားလည်းမဟုတ်၊ စာရင်းငှား လည်း မဟုတ်တဲ့ အလယ်အလတ်လူတန်းစားဆိုတာ ပေါ်ပေါက်လာရတယ်။(ယနေ့အထိ ဒီလူတန်းစားက အရေးပါတဲ့ ကဏ္ဍမှာရှိပါတယ်) နောက်တော့ ကုန်သည်အသင်းဖွဲ့ဆိုပြီး ဖွဲ့စည်းလာကြတယ်။

အသင်းဝင်သူဟာ အနည်းဆုံး အိမ်တစ်လုံး နဲ့ ဆိုင်တစ်ဆိုင် ပိုင်ထားသူဖြစ်ကြရမယ်။ အဲဒီအသင်းကြီးကနေပြီး အခွန်အကောက်တွေ နဲ့ မြို့ သာယာလှပရေး၊သန့်ရှင်း‌ေရး တွေကို လုပ်ကြတယ်။ မြို့စား နယ်စားတွေက ငွေအရမ်းလိုလာတော့ အသင်းရဲ့ ထောက်ပံ့မှု လိုလာတယ်။ ‌ထောက်ပံ့ငွေပေးရင်း ပေးရင်း နောက်ဆုံး မှာ "ချာတာ "ဆိုတဲ့ လွတ်လပ်ခွင့် သဘောတူစာချုပ်တွေ နဲ့ မြို့ပြတွေကို လွတ်လပ်ခွင့်ပေးလာရတယ်။

ရောင်းဝယ်ဖောက်ကားမှု အားကောင်းလာတာနဲ့ အမျှ အခြေခံကျတဲ့ အလုပ်သမား လူတန်းစားတွေလည်း ထွက်ပေါ်လာတယ်။ အလုပ်သမားသမ္မဂတွေ ပေါ်လာတယ်။ အဲဒီလူတန်းစားများပြားလာပြီး စည်းကမ်းတွေ အမျိုးမျိုးချမှတ်လာတယ်။ ကုန်စည်ဈေးနှုန်းက စပြီး ထမ်းခ ၊သယ်ခ အထိ သတ်မှတ်ပေးကြတယ်။ နောက်တော့ အဲဒီ အဖွဲ့တွေ ရဲ့ အများစု ထောက်ခံမှုအရ" မေယာ" လို့ခေါ်တဲ့ မြို့တော်ဝန်ကို တင်မြောက်ကြတယ်။ မြူနီစပါယ် အုပ်ချုပ်ရေးလူတန်းစားတစ်ရပ် ပေါ်ပေါက်လာပြန်တယ်။ ယနေ့အထိ မြို့တော်ဝန်များ ကဏ္ဍဟာ အရေးပါလှပါတယ်။

Virginia Raggi becomes first female mayor of Rome

ကုန်သည်အသင်းကြီးဆိုရင်လည်း ဩဇာ ကြီးမားလာတယ်။ ပါတ်ဝန်းကျင် နယ်တွေကိုတောင် ထိန်းချုပ်ထားနိုင်တာတွေ တွေ့ရတယ်။ နောက်ပိုင်းမှာ အသင်းကြီးဟာ စစ်မက် တိုက်ဖို့ မတိုက်ဖို့ ကိုပါ ကြေညာနိုင်တဲ့ အဆင့်အထိ ဖြစ်လာပါတယ်။ ကျွန်တော့ စိတ်ထဲတော့ ဉရောပဘုံဈေး ဆိုတာကြီးကိုပါ ယှဉ် တွဲ မြင်ယောင်လာမိတယ်။ သမိုင်းမှာ တီထွင်ဖန်တီးတာလေးတွေကလည်း လူတန်းစား အရပ်ရပ်ကို ပေါ်ထွန်းလာစေတာမျိုးရှိပါတယ်။

အဲဒီအထဲမှာ သတိထားမိတာက " မြင်းစီးခြေနင်းကွင်း"။

ဒီတီထွင်မှု မလုပ်ခင်က လူတွေ ဟာ မြင်းစီးတဲ့နေရာမှာ သာမာန်သဘောမျှသာဖြစ်ပါတယ်။ ဥရောပ က မြို့လေးတစ်မြို့မှာ မြင်းပေါ်ကနေ မကျအောင် ၊မြဲမြဲ စီးလို့ရအောင် ခြေနင်းကွင်းလေးကို တီထွင်မိတော့ မြင်းစီးလောကအတွက်များစွာပြောင်းလည်းမှုတွေဖြစ်လာတယ်။ မြင်းစီးရတာ အဆင်ပြေလာတယ်။

မြင်းအသုံးဝင်မှုဟာ တိုးတက်လာတယ်။ မြင်းဈေးတွေ တက်လာတယ်။ မြင်းရောင်းဝယ်ရေးတွေ ထွန်းကားလာတယ်။ မြင်းစီး သွားလာ ရွှေ့ပြောင်းသူတွေ ဖြစ်လာတယ်။ ထူးခြားတာက မြင်းစီးစစ်တပ်ဆိုပြီးတော့တောင် ‌ဖြစ်လာတဲ့အထိပါပဲ။ မြင်းစီးလေ့ကျင့်ရေးတပ်တွေ ဖြစ်လာတယ်။မြင်းစီး စစ်တပ်တွေပါဝင်လာတော့ အားကောင်းတဲ့ စစ်တပ်တွေ ရှိလာတယ်။

တိုက်ခိုက်ရေးပိုကောင်းလာကြတယ်။ အင်စတီကျူးရှင်းတွေ ဖြစ်လာကြတယ်။ အားကောင်းလာတော့ အစုအဖွဲ့ ကြီးမားလာတယ်။ စနစ်တကျကွပ်ကဲ အုပ်ချုပ်ရေးဆိုတာ လိုအပ်လာတယ်။ အဲဒီကနေ စစ်ဘက်အုပ်ချုပ်ရေး လူတန်းစားတွေ ပေါ်ပေါက်လာတယ်။စစ်ကဲတွေ၊ စစ်သူ‌ကြီးတွေ၊ စစ်ခေါင်းဆောင်တွေ ပေါ်ထွက်လာရပြန်တယ်။ ဒီလူတန်းစားတွေဟာ တိုင်းပြည်မှာ အရေးပါလာတယ်။

ဘုရင်ဟာ မူးမတ်တွေ၊အတိုင်ပင်ခံတွေ လိုပဲ စစ်ဘက်ဆိုင်ရာ အားထားမှုတွေ လုပ်လာရတယ်။ အဲဒီကနေ တိုင်းပြည်တစ်ခုနဲ့ တစ်ခု စစ်မက်ဖြစ်ပွားတာတွေ ဖြစ်လာတယ်။ခုခံတိုက်ခိုက်တာ ရှိသလို တမင် ကျူးကျော်တိုက်ခိုက်တာတွေ ‌ဖြစ်လာကြတယ်။ ဒီလိုအရာတွေ ဖြစ်ပေါ်လာမှုဟာ မြင်းစီးခြေနင်းကွင်းလေး တီထွင်အသုံးပြုမှုကနေ လူတန်းစားအမျိုးမျိုးကို ဆက်လက်အားကောင်းဖြစ်တည်စေဘို့ ပံ့ပိုးမှု တစ်ရပ် ဖြစ်ခဲ့ ပါတယ်။

နောက်တီထွင်မှု တစ်မျိုးက မော်တော်ကား။ လူ့သမိုင်းဟာ မော်တော်ယာဉ်တီထွင်နိုင်ခဲ့ချိန်က စပြီး အရမ်းပြောင်းလည်းသွားတယ်။ လေးဘီးနဲ့ သွားလာနိုင်တယ်။ ဝေးဝေးသွားနိုင်တယ်။ ဝန်စည်နဲ့ လူအများတင်နိုင်လာတယ်။

ကားသွားနိုင်ဖို့ ညီညာပြေပြစ်တဲ့ လမ်းတွေ ဖောက်လာကြတယ်။အစတော့ မြေသား ၊ကျောက်သား၊ နောက်ပိုင်းမှာ ကတ္တရာ လမ်းတွေ ၊ကွန်ကရိလမ်းတွေအထိ ဖြစ်လာတယ်။ မြို့ရွာတွေ ကူးသန်းချိတ်ဆက်လာနိုင်တယ်။ ကမ္ဘာကြီးဟာ ခရီးသွားအချိန်တွေ လျော့ချနိုင်ပြီး ပိုပြီး နီးကပ်စွာ ဖြစ်သွားစေတယ်။ ဒီကနေ ကားသမားလူတန်းစားတွေ၊ စက်ပြင်လူတန်းစားတွေ၊ ကူးသန်းရောင်းဝယ် ပို့ဆောင်ရေး လူတန်းစားတွေ အဖြစ် ဖြစ်လာခဲ့ကြပါတယ်။

အခု အမေရိကန်က ဆဌမမြောက်တပ်မတော် အာကာသ ‌တပ်မတော်ကို ထူထောင်နေပြန်ပါပြီ။ စိတ်ကူးယာဉ် သိပ္ပံစာရေးဆရာတွေ ကို အာကာသတပ်မတော်နဲ့ ပတ်သက်လို့ စိတ်ကူးရှိသမျှ ရေးသားပေးဖို့ ဖိတ်ခေါ်ဆောင်ရွက်နေပါပြီ။

အနီးစပ်ဆုံး၊ အဖြစ်နိင်ဆုံးကို အကောင်အထည်ဆက်ဖော်ကြမယ်လို့ ကြားသိရပါတယ်။ လူတွေရဲ့ တီထွင်ဆန်းသစ်မှုတွေကတော့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။

လူတန်းစားတွေ သမိုင်းခေတ် အဆက်ဆက် ပေါ်‌ေပါက်လာခဲ့တဲ့ ကမ္ဘာကြီးမှာ ဘယ်လို လူတန်းစားတွေထပ်ပြီး ပြောင်းလည်း ဖြစ် ပေါ်လာဦးမလဲ၊ ဘယ်လိုတွေ အားပြိုင်ကြဦးမယ်ဆိုတာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

ဇနီးသည်၏အူကြောင်ကြောင်တောင်းဆိုမှု


ကျွန်တော်အိမ်ကိုပြန်ရောက်တဲ့အခါ ဇနီးဖြစ်သူက ညစာစားဖို့ ပြင်ဆင်ပေးပါတယ်။ သူမလက်ကိုကိုင်လိုက်ပြီး မင်းကို ကိုယ်ပြောစရာရှိတယ် လို့ပြောလိုက်တယ်။ သူမ ငြိမ်သက်စွာထိုင်ပြီး စားနေတယ်။ သူမမျက်လုံးတွေထဲမှာ နာကျင်မှုတွေကို ထပ်မြင်လိုက်ရပြန်ပါတယ်။ ကျွန်တော်ဘယ်လိုတွေ ပြောထွက်သွားမှန်းမသိဘူး။ဒါပေမယ့် ကျွန်တော်စဉ်းစားနေတာတွေကို သူမ သိစေချင်တယ်လေ။ ငါ ကွာရှင်းချင်တယ် လို့ပြောပြီးတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ သူမ ဘာမှ မဖြစ်သလို မခံစားရသလိုပဲ။အဲဒီအစား ကျွန်တော်ကို ညင်သာစွာမေးလာတယ်။

“ဘာကြောင့်လဲ” သူမမေးခွန်းကို မဖြေပဲရှောင်လွှဲလိုက်တယ်။ဒါက သူ့ကို စိတ်ဆိုးသွားစေတယ်။ စားလက်စ တူချောင်းတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကို စူးစူးဝါးဝါးအော်ပစ်လိုက်တယ်။ သူမက အိမ်ထောင်ရေးကို ဘာဖြစ်လို့ ကွာချင်ရတာလည်းဆိုတာ ဖော်ထုတ်ပေးစေချင်ပုံရတယ်။ ဒါပေမယ့် သူမကျေနပ်လောက်တဲ့ အဖြေကို တတ်နိုင်သလောက်ပြောပြခဲ့ပြီးပြီပဲ။

“ငါ Jane ကို ချစ်မိနေပြီ။မင်းကိုငါမချစ်တော့ဘူး။သနားတာပဲရှိတာ”ဆိုပြီးပြောပြခဲ့တယ်။ အပြစ်မကင်းဘူးဆိုတဲ့ခံစားချက်နဲ့ ကွာရှင်းစာမူကြမ်းတစ်စောင်ကို ရေးခဲ့တယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ အိမ်၊ကား၊ ကုမ္ပဏီ အစုရှယ်ယာ ၃၀% ကို သူမပိုင်ဆိုင်သင့်ကြောင်း မူကြမ်းမှာရေးသားလိုက်ပါတယ်။ သူမက အဲစာကို တစ်ချက်ဖတ်ကြည့်ပြီး အပိုင်းပိုင်းဖြစ်အောင်ဆုတ်ဖြဲလိုက်ပါတယ်။ ဆယ်စုနှစ်ပေါင်းသင်းလာတဲ့ မိန်းမဟာ သူစိမ်းဆန်သွားပါတယ်။ကျွန်တော် သူမရဲ့ အချိန်တွေ၊အင်အားတွေ၊စွမ်းအင်တွေ ကိုဖြုန်းတီးစေသလိုဖြစ်စေခဲ့တာ စိတ်မကောင်းစွာခံစားလိုက်ရပါတယ်။ဒါပေမယ့် ကျွန်တော်နောက်မဆုတ်ချင်တော့ဘူး။ သိပ်ချစ်ရတဲ့ Jane နဲ့ လက်တွဲရမှာကို ပြန်မပြင်ချင်တော့ဘူး။ နောက်ဆုံးတော့ သူမ အပြင်းအထန် ငိုကြွေးလိုက်တယ်။ဒါကို ကျွန်တော် မြင်တွေ့ရမယ်ဆိုတာ မျော်လင့်ပြီးသားပါ။ဒီငိုကြွေးမှုဟာ တကယ်လက်လွှတ်ဆုံးရှုံးရတော့မယ်ဆိုတဲ့ ငိုကြွေးခြင်း တစ်ခုပါ။ ကွာရှင်းဖို့ဆုံးဖြတ်လိုက်တာဟာ ရက်သတ္တပတ်အတော်ကြာနေပါပြီ။ အခုတော့ ပိုမိုရှင်းလင်းပြတ်သားပြီမို့ပါ။ နောက်တစ်နေ့ အိမ်ကိုအပြန်နောက်ကျတယ်။ဇနီးဖြစ်သူဟာ စားပွဲပေါ်မှာစာတစ်စောင်ကိုရေးသားနေတယ်။ ကျွန်တော် ညစာ မစားတော့ပဲ ဝင်အိပ်လိုက်တယ်။ အိပ်မောကျသွားတယ်။ Jane နဲ့ တစ်နေကုန်အချိန်ပေးနေရလို့ မောပန်းပီမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။ အိပ်ယာကနိုးတော့ ဇနီးဟာ စားပွဲမှာစာရေးနေတုန်းပဲ။သိပ်ဂရုမထားပဲ ဟိုဘက်လှည့် ပြန်အိပ်နေလိုက်ပါတယ်၊၊ မနက်မိုးလင်းတော့ သူမရဲ့ကွာရှင်းမယ့်အခြေအနေကို အဆိုပြုပြောကြားလာတယ်။ သူမ ဘာမှမယူဘူး။ ဒါပေမယ့် ကွာရှင်းဖို့ကို အချိန်တစ်လပေးရမယ်။ ဒီတစ်လထဲမှာ သားလေးစာမေးပွဲကြောင့် စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး။အဲဒီတစ်လအတွင်းမှာ နှစ်ယောက်စလုံး ပုံမှန်နေထိုင်သွားကြမယ် လို့ပြောလာတယ်။ ဒါဖြစ်သင့်ပါတယ်။ ကျိုးကြောင်းဆီလျှော်ပါတယ်။ ကလေးကို စိတ်ဒဏ်ရာမရစေချင်တာ ကျွန်တော်လည်းသဘောတူပါတယ်။ ဒါပေမယ့် ဇနီးက အူကြောင်ကြောင်နိုင်တဲ့ တောင်းဆိုမှုတစ်ခုပါ ထပ်တောင်းတယ်။ "ရှင့်ကိုကွာပေးမယ်။ဒီကြားထဲတစ်လတာအချိန်ယူတဲ့ကာလမှာ ကျွန်မကို အိပ်ခန်းကနေ အိမ်ရှေ့အထိ ချီပြီးတော့ ပို့ပေးရမယ် ၊မင်္ဂလာဆောင်တုန်းက ရှင်ကျွန်မကိုပွေ့ချီခဲ့တာ မှတ်မိတယ်မလား" လို့ပြောလာတယ်။ ဒီမိန်းမ ဘာတွေကြောင်ပြန်ပြီလဲဆိုပြီး တစ်ချက်သူ့ကိုကြည့်လိုက်တယ်။ သူကတော့ အေးအေးဆေးဆေးပြောနေတယ်.။တည်တည်ငြိမ်ငြိမ်ပဲ။ ကျွန်တော်လက်ခံလိုက်တယ်။ တစ်လပဲ လုပ်ပေးရမှာလေ။ ပြီးရင် ကျွန်တော် ဖြစ်ချင်တဲ့ ဘဝကို ကျွန်တော်ချစ်တဲ့သူနဲ့ နေထိုင်ကြရတော့မယ်။ ချစ်သူကောင်မလေးဆီ ထွက်လာခဲ့တယ်။ ကွာရှင်းမယ့်အစီအစဉ်ကိုလည်းပြောပြလိုက်တယ်။ နှစ်ဦးသားရယ်မောကြတယ်။ ဇနီးသည်ရဲ့ အူကြောင်ကြောင်တောင်းဆိုမှုအကြောင်း ပါ ပြောပြလိုက်တော့ "အမယ် သူကဘာအကွက်ဆန်းတွေထွင်နေပြန်ပြီလဲ"ဆိုပြီး မျက်နှာကိုမဲ့ရွဲ့ပြီးပြောလာတယ်။ ထားလိုက်ပါ ကိုယ်တို့တွေ မကြာခင် ကွာရှင်းကြတော့မှာပဲဥစ္စာ"ဆိုပြီး ပြောပြတော့မှ သဘောကျပြီး တခစ်ခစ် ရယ်မောကြတယ်။

ပထမနေ့။

ဇနီးသည်ကို ချီမရတာ တစ်မျိုးကြီးဖြစ်နေတယ်။ ပထမဆုံး မင်္ဂလာဦးညမှာချီပွေ့ခဲ့တာကို စိတ်ထဲသတိရမိသွားတယ်။ သူမအလေးချိန်က အရင်ထက်တော့ ပေါ့နေသလိုခံစားရတယ်။ အိပ်ခန်းကနေ ဧည့်ခန်း။ အဲဒီကနေ အိမ်ရှေ့အထိ ၁၅မီတာလောက် ချီပွေ့ပြီးလျောက်လိုက်ရတယ်။ သားဖြစ်သူက နောက်ကနေလက်ခုပ်တီးတယ်။ “ဖေဖေက မေမေ့ကို ချီနေပါလား”ဆိုပြီး အားပေးနေတယ်။ဇနီးသည်ကတော့ မျက်စိမှိတ်ထားတယ်။လက်က ကျွန်တော်လည်ပင်းကို သိုင်းဖက်ထားတယ်။ ပထမနေ့ ပြီးသွားတယ်။ အဆင်ပြေပါတယ်။ ကျွန်တော် Gymအားကစားသီးသန့်တောင်လုပ်စရာမလိုဘူးပေါ့။

ဒုတိယနေ့။

သူမဆီက ရေမွှေးနံ့ရတယ်။ ဆံပင်အချို့က ဖြူနေပြီ။ သူမမျက်နှာကို ငုံ့ကြည့်လိုက်တော့ မျက်နှာမှာ အရေးအကြောင်းတွေ ထင်နေပြီပဲ။ သူမကို သေချာသတိထားမကြည့်မိတာကြာပြီ။ အခုလို ပူးပူးကပ်ကပ်မနေတာလည်းအတော်ကြာခဲ့ပြီပဲ။ စိတ်မကောင်းသလိုခံစားခဲ့ရတယ်။ သူနဲ့ ပေါင်းသင်းခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီပဲ။

တတိယနေ့။

သူမကိုချီရတာ ပိုမြန်ဆန်အဆင်ပြေလာတယ်။ တစ်ခုသတိထားမိတာက သူ့ကိုယ်အလေးချိန်က ပိုပြီးပေါ့ပါးလာသလိုပဲ။ ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားတယ်။ ဇနီးဖြစ်သူကလည်း မနက်မနက်ကို အဝတ်အစားရွေးရတာ အလုပ်တစ်လုပ်ဖြစ်လာတယ်။ အရင်အင်္ကျီတွေက မတော်တော့ဘူး၊ကြီးသွားပြီ ဆိုပြီး အဝတ်အစားထိုင်ရွေးနေတတ်တယ်။ တကယ်တော့ သူမက ပိန်သွားတာဖြစ်မှာပါ။

နောက်ဆုံးနေ့။

ဒီနေ့ပြီးရင်တော့ ဒီအလုပ်တွေပြီးပြီ။ ဒီနေ့မှာ သူမ အလှဆုံးဝတ်စားဆင်ယင်ထုံးဖွဲ့ထားတယ်။ သူမ ဒီနေ့ နောက်ဆုံးအချီခံရတော့မယ့်နေ့လေ။သူမက သားဖြစ်သူကို ခေါ်လိုက်တယ်။ တင်းကျပ်အောင်ပွေ့ဖက်ပြီး နမ်းလိုက်တယ်။ကျွန်တော်ဘေးကနေ ကြည့်ရင်းစိတ်မကောင်းဖြစ်လာမိတယ်။ အကြည့်ကို တစ်ဘက်လှည့်ပြီးနေလိုက်တယ်။ သူမကို ပွေ့ချီလိုက်တယ်။ သူမဟာ မျက်လုံးတွေမှိတ်ပြီး လိုက်ပါလာတယ်။ ကျွန်တော်လည်ပင်းကို သိုင်းဖက်ရင်း သူ့လက်ဖဝါးတွေနဲ့ ဖြည်းညင်းစွာ ပွတ်သပ်နေတာ သတိထားမိတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ဒီနေ့ဟာ သူ့အတွက် နောက်ဆုံးနေ့ပဲလေ။ သူမကို အိမ်ရှေ့ကို ပို့ပြီး ကျွန်တော် ကားမောင်းထွက်လာခဲ့တယ်။ ကျွန်တော်ချစ်နေတဲ့ ကောင်မလေးနေတဲ့ တိုက်တန်းဆီ ရောက်တဲ့ အခါ ကားရပ်ပြီးကားပေါ်ကနေ ဆွေ့ကနဲ ခုန်ချလိုက်တယ်။ ကားတံခါးတောင် မပိတ်မိလိုက်ဘူး။ လှေကားတွေ အတိုင်းပြေးတက်သွားတယ်။ သူ့အခန်းရှေ့တံခါးကိုခေါက်လိုက်တယ်။ သူမ တံခါးဖွင့်ပေးတယ်။ သူမကို ကျွန်တော့် ရင်ထဲရှိတာတွေ ဖွင့်ချပြောပစ်လိုက်တယ်။ " ကိုယ် အစီအစဉ်ပြောင်းလိုက်ပြီ။ ကိုယ့်ဇနီးကို ကိုယ် မကွာရှင်းတော့ဘူး" လို့ပြောလိုက်တယ်။ သူမက သူ့လက်နဲ့ ကျွန်တော့်နဖူးကိုစမ်းပြီး "ရှင်ဖျားနေတာလား"လို့မေးတယ်။ သူမလက်ကို ဖယ်လိုက်ရင်း"ကိုယ်မဖျားဘူး။ တကယ်ပြောတာ။ ကိုယ်တို့လက်ထပ်ခဲ့တုန်းက သူ့ကို ကတိပေးထားခဲ့တာရှိတယ်။ ကျန်းမာသည်ဖြစ်စေ၊မကျန်းမာသည်ဖြစ်စေ၊ ဆင်းရဲသည် ချမ်းသာသည်ဖြစ်စေ သေတဲ့ အထိ အိမ်ထောင်ကို ထိမ်းသိမ်းပါမည်လို့ပြောခဲ့တယ်" လို့ ပြောလိုက်တော့ သူမ ပထမ ကြောင်သွားတယ်။ ပီးတော့ ကျွန်တော့်ကို စူးစူးဝါးဝါးအော်ထုတ်ပစ်တယ်။ အိမ်တံခါးကိုလည်း ဝုန်းကနဲ ဆောင့်ပိတ်ပစ်လိုက်တယ်။ ကျွန်တော် လှေကားကနေ အပြေးပြန်ဆင်းလာတယ်။ ပြီးတော့ ကားပေါ်တက်ပြီး ပြန်ထွက်လာတယ်။ လမ်းမှာ ပန်းအရောင်းဆိုင်တစ်ခုဆီဝင်ပြီး ပန်းစည်းတစ်စည်းလက်ဆောင်ဝယ်လိုက်တယ်။ ဆိုင်ရှင်ကောင်မလေးက လေဘယ်ကဒ်မှာ ဘယ်လိုရေးပေးရမလဲဆိုတော့ " ကိုယ်မင်းကို သေဆုံးတဲ့ အထိ ချီပွေ့ထားမှာပါ" ဆိုတဲ့ စာသားကိုရေးခိုင်းလိုက်တယ်။ ကျွန်တော် အိမ်ကိုအပြေးပြန်လာတယ်။သားက အိမ်မှာရှိမနေဘူး။ အိမ်ရောက်တော့ ဇနီးသည်ကို ပေးဖို့ ပန်းတွေနဲ့ အတူ အိမ်ထဲဝင်လာခဲ့ပါတယ်။ အိပ်ခန်းထဲမှာ ဇနီးသည်ကို တွေ့လိုက်ရပါတယ်။ အလာကောင်းပေမယ့် ကျွန်တော်နောက်ကျသွားပါပြီ။ ကျွန်တော့်ဇနီးသည်ဟာ အိပ်ယာပေါ်မှာသေဆုံးနေခဲ့ပါပြီ။ ဇနီးသည်မှာ ရှိတဲ့ ကင်ဆာ ရောဂါက သူ့အသက်ကိုတိုစေခဲ့တာဖြစ်ပါတယ်။ ဒီကြားထဲ ကျွန်တော်က ကွာရှင်းဖို့ကို နားပူနားဆာ လုပ်နေခဲ့မိသေးတယ်။ ဇနီးသည်ရဲ့ ကျန်းမာရေးကို သေချာဂရုမစိုက်မိဘူး။ သူသိပ်ကြာကြာမနေရတော့ဘူးဆိုတာသိထားတယ်။တစ်လတာ အချိန်တောင်းဆိုခဲ့တာလည်း ဒီအကြောင်းတွေ ပါမယ်ထင်ပါတယ်။ သူရဲ့အစီအမံကြောင့် ကျွန်တော်ဟာ ဖခင်ကောင်းတစ်ယောက်အဖြစ် သားရဲ့အမြင်မှာ ဖြစ်ပေါ်စေခဲ့ပါတယ်။ ကြင်ကြင်နာနာနေပြီးမှ လမ်းခွဲကြရတဲ့သဘောပေါ့။အသက်ရှင်တုန်းမှာ သူ့ကိုပျော်ပျော်ရွှင်ရွှင်ထားမပေးနိုင်ခဲ့တာ ကျွန်တော်နောင်တ ရနေမိပါပြီ။သူချစ်တဲ့ သူ့မိတ်တွေတွေနဲ့ တွေဆုံစားသောက်မှုလေးတွေ လုပ်မပေးဖြစ်ခဲ့တာ ကြေကွဲစရာပါ။ လူတိုင်းလူတိုင်း အိမ်ထောင်ရေးကိုလည်း ပြန်ဆန်းစစ်ကြည့်သင့်ပါတယ်။ သာယာကြည်နူးဖွယ် မိသားစု အိမ်ထောင်ရေးဖြစ်နေရင်တော့ ဝမ်းသာစရာပါ။ ဒါပေမယ့် ပျော်ရွှင်မှု မရှိတဲ့၊ တစ်ယောက်နဲ့တစ်ယောက်နီးကပ်တဲ့ဆက်ဆံရေးမရှိတဲ့ အိမ်ထောင်ဖြစ်နေရင်တော့ ပြောင်းလည်းနေထိုင်မှုတွေ ပြုလုပ်ပေးဖို့လိုပါလိမ့်မယ်။ ပျော်ရွှင်မှုဆိုတာလည်း ခက်သားလား။ အများစုထင်နေတဲ့ ကားတွေ၊တိုက်အိမ်တွေ၊ ဘဏ်ထဲကငွေတွေဟာ ပါတ်ဝန်းကျင် ဆက်ဆံမှုများမှာ အာရုံစိုက်ခံရဖို့သာ ဖြစ်ပါတယ်။ တကယ့် အတွင်းရေး အိမ်ထောင်ပျော်ရွှင်ရေးကတော့ သေးငယ်ပါတဲ့ ဆိုတဲ့ သာမာန် အဖြစ်အပျက်လေးတွေ၊နေ့စဉ်နေထိုင်စားသောက်မှုလေးတွေ၊အချင်းချင်း ထိတွေ့ကြင်နာမှု တွေနဲ့ တန်ဘိုးထား အာရုံစိုက်ပေးမှုလေးတွေပဲဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

( အင်္ဂလိပ်ဝတ္တုတိုတစ်ပုဒ်ကို ဆီလျော်သလို ဘာသာပြန်ရေးသားခြင်းဖြစ်ပါသည်)

ရထားစီးတဲ့သားအဖ

ကျွန်တော် တောင်ငူမြို့၊ရွှေဆံတော် ဘုရားအနီးက 3D Cinema ရုပ်ရှင်ရုံမှာ ကလေးတွေနဲ့ ရုပ်ရှင် ကြည့်ဖြစ်ပါတယ်။ ဇာတ်ကားနာမည်က #Jumanji ဖြစ်ပါတယ်။ (Covid 19 မဖြစ်ခင်ကပါ) ကွန်ပျူတာဂိမ်းတွေဆော့ရင်း တကယ့်အပြင်ကထူးဆန်း ကမ္ဘာ ကို ရောက်သွားတဲ့ သူငယ်ချင်းလေးယောက် ရဲ့ စိတ်ကူးယာဉ် ဟာသ ဇာတ်လမ်းပါ။ မင်းသားကတော့ နပန်းမင်းသားကတုံးကြီး #ဒေါင်နေးဂျွန်ဆင် ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်နေတုန်း ဘေးက လူတစ်ယောက်က ပြောလာတယ်။

” အရုပ်ကြီးတွေက အကြီးကြီးပဲနော် အကို။ ကြည့်ရတာလည်း ရှင်းနေတာပဲ “

တဲ့ ။ ကျွန်တော်ကြားလောက်အောင် အသံခပ်အုပ်အုပ်နဲ့ ပြောလာတယ်။ ကျွန်တော်လှည့်ကြည့်လိုက်တော့ သူနဲ့ မျက်လုံးချင်းဆုံမိတယ်။

သူ့ကိုကြည့်လိုက်တော့ ကလေးတစ်ယောက်လိုပဲ တက်ကြွအားသန်စွာပြောနေတယ်။ အသက်ကတော့ သုံးဆယ်ဝန်းကျင်ရှိပြီ။‌ မြို့ပေါ်ရပ်ကွက်က မဟုတ်လောက်ဘူး။ ကျွန်တော်ခေါင်းငြိမ့်ပြ လိုက်တယ်။" ဟာ မိုက်တယ်။ အကောင်ကြီးနောက်က လိုက်နေပြီ.......ဟာ အသံတွေကလဲ ရှယ်ပဲ...... ကိုယ့် အနားမှာ ဖြစ်နေသလိုပဲ " အက်ရှင်အခန်းတွေ စွန့်စားခန်းတွေမှာ ရိုက်ချက်တွေ ပီပြင်တော့ အာမေဋိတ် တွေ နဲ့ ရေရွတ်ပြီး ကျွန်တော့်ဘက် လှည့်လှည့်ပြောလာတယ်။ ကျွန်တော် "အင်း"မလုပ် "အဲ "မလုပ် နေပြီး ရုပ်ရှင်ကိုသာ အာရုံစိုက်နေတော့ သူငြိမ်သွားပြန်တယ်။ ခဏနေတော့ သူ့ရဲ့ ဘယ်လက်နဲ့ တို့လာရင်းပြောတယ်

“အကို ….ဟိုမှာ လာနေကြပြန်ပြီဗျ….” တဲ့။

ဒီလူတော့ ခက်နေပြီ။ "ညီကို ...ရုပ်ရှင်ကြည့်တာ အေးအေးဆေးဆေး ကြည့်ဗျာ၊ ကိုယ့်အထာနဲ့ ကိုယ်နေ ပေးပါ။ဒီမှာ အာရုံပျက်လို့"

လို့ပြောချလိုက်ချင်ပေမယ့် သူ့ရဲ့ ရိုးသားတဲ့ မျက်နှာကြောင့် မပြောဖြစ်ခဲ့ ပါဘူး။သူ့ကိုကြည့်ရင်းက‌ နေစိတ်က ရထားစီးတဲ့ သားအဖ နှစ်ယောက် အကြောင်း ကို ပြန်ပြောင်း သတိယမိသွားပါ‌ေစပြန် ပါတယ်။ သားအဖနှစ်ယောက် ရထားစီးတယ်။ သားက ၂၀ ကျော် ဝန်းကျင်။ လမ်းတစ်လျောက် ပြတင်းပေါက်ကနေအပြင်ကို စိတ်ဝင်တစားကြည့်နေတယ်။ဖခင်ဖြစ်သူကတော့ သူ့သား ပြတတင်းပေါက်က ကြည့်နေတာကိုပီတိတွေနဲ့ ပြုံးပြုံးကြီးကြည့်နေတယ်။ "အဖေ သားတို့နောက်မှာ သစ်ပင်တွေ ကျန်ခဲ့တယ်နော် "

လို့ပြောတယ်။ အဖေက ခေါင်းငြိမ့်ပြပြီး ဆက်ပြုံးကြည့်နေတယ်။ မျက်နှာချင်းဆိုင်ခုံက စုံတွဲ က အံ့အားသင့်တဲ့အကြည့်နဲ့ သားဖြစ်သူကို ကြည့်လိုက်တယ်။ အသက်လည်း မငယ်တော့ဘူး။ဘာထူးဆန်းလို့လဲပေါ့။ လူငယ်ကထပ်ပြောပြန်တယ်။

“အဖေ တိမ်တွေက သားတို့နောက်ကို လိုက်လာနေတယ်” ဒါကတော့ များသွားပြီ။ စုံတွဲ က မနေနိုင်တော့ပဲ ဖခင်ဖြစ်သူကို သိပ်စိတ်မရှည်တဲ့ လေသံနဲ့

“သားဒီလိုဖြစ်‌ေနတာကို ဆရာဝန်လေးဘာလေး ပြသင့်တယ် မဟုတ်လား၊အခုဟာက မူသိပ်မမှန်ဘူးလေ “

လို့ ပြော‌လိုက်တယ်။

ဖခင်ဖြစ်သူက

“ပြတာပေါ့‌ဗျာ ။ အခုပဲ ဆေးရုံက ဆင်းလို့ အိမ်ပြန်လာတာလေ။ ကျုပ်သားက မွေးကတည်းက အမြင်အာရုံချို့တဲ့ ခဲ့တာပါ။ ဒီမြင်ကွင်းက သူ့ရဲ့ မြင်ကွင်းသစ်ပါ။အခုမှ သူ့ကို ကုသပေးနိုင်ခဲ့တာပါ၊အခုမှ မြင်ဖူးလို့ သူပျော်နေတာပါ ” ဒီလိုရှင်းပြလိုက်တော့မှ ရှေ့ကစုဲတွဲလည်း အံ့အားသင့်သွားတယ်။ ဝေဖန်အပြစ်တင်လိုစိတ် လောကြီး သွားတာကို သတိထားမိပြီး အားတုံ့အားနာ ပြန်ဖြစ်သွားကြရပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ။ တခြားလူတွေ အပေါ် ဝေဖန်ပြစ်တင်ဖို့ဆန္ဒမစောကြဖို့ လိုပါတယ်။ ‌လူတွေဟာ သူ့‌အကြောင်းနဲ့ သူ ပါပဲ။ သူတို့ ရဲ့ နောက်ပိုင်းအ‌ ကြောင်းတရားတွေမှာ အံ့အားသင့်စရာတွေ လည်း ရှိနေတတ်ကြပါတယ်။

ရုပ်ရှင်ရုံထဲက ထိုင်ခုံချင်းကပ်ထိုင်တဲ့ လူလည်း ကျွန်တော် တုံ့ပြန်မှု မပေးတော့တဲ့ နောက်ပိုင်း သူ့ဟာသူပဲ ရေရွတ်ရင်း ကြည့်သွားပါတော့တယ်။ သူလည်း အခုမှ ကြည့်ဖူး လို့ဖြစ်မှာပါ။ တီဗွီ အသေးကနေ အကြီး ပြောင်းကြည့်ရင်တောင် ဝမ်းသာအားရ ဖြစ်တတ်ကြသေးတယ်မဟုတ်လား။ Privacy ကိုနားမလည်သေးကြတာလည်း ပါတာပေါ့။ စိတ်ရှိတိုင်း သူများကို ကိုယ့် အထင်အမြင်နဲ့ ပဲ အထင်သေးစွာ ဆုံးဖြတ်ပြောဆိုတဲ့ အခါ လွဲမှားသွားရင် တစ်ဘက်သားကို အားနာစရာ ကောင်းလှပါတယ်။ Jamaji ရုပ်ရှင်လည်းပြီးသွားပါပြီ။ အရမ်းကြည့်လို့ကောင်းပါတယ်။ အထူးပြုလုပ်ချက်နဲ့ ရိုက်ချက်တွေ အရမ်းကောင်းလို့ပါ။ ရုပ်ရှင်က ပြီးသွားပေမယ့် ရထားပေါ်ကနေ ဝမ်းသာအားရ လောကကြီးကို အံ့အားသင့် ကျေနပ်နေကြတဲ့ ရထားစီးတဲ့ သားအဖနှစ်‌ေယာက်ကို ကျွန်တော့် စိတ်အာရံု ထဲက ဆက်ပြီးမြင်ယောင်နေမိပါ‌ေသးတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

သင်ဘယ်လိုလူစားလဲ

လူ့ဘဝဆိုတာ အခက်အခဲတွေနဲ့ ပြည့်နေတာပါ။ မွေးစမှ သေတဲ့ အထိ နည်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားကြရပါတယ်။ ပြဿနာတွေ ဖြေရှင်းကြရပါတယ်။ ဘယ်လောက် ချမ်းသာသူဖြစ်စေ၊ ဘယ်လောက်ရာထူးဩဇာ ရှိသူဖြစ်စေ လောကဓံဆိုတာ ရှိနေစမြဲ ဖြစ်ပါတယ်။ ချမ်းသာတယ် ဆင်းရဲတယ်ဆိုလို့ ငွေရှိတိုင်း ချမ်းသာတာ မဟုတ်ဘူးတဲ့။ ငွေချမ်းသာပေမယ့်မနက်ဖြန် ဘာလုပ်ရမှန်း မသိတော့တဲ့ လူဟာ၊ လုပ်စရာမရှိတော့တဲ့သူဟာ လူဆင်းရဲပါပဲတဲ့။ ချမ်းသာပြီး ဘာလုပ်ရမှန်းမသိပဲ ရည်ရွယ်ချက်ပျောက်၊ တန်ဘိုးပျောက်နေသူတချို့ကို ဆိုလိုပုံရပါတယ်။ ငွေကြေးမချမ်းသာပေမယ့် လူတစ်ယောက်ဟာ သူလုပ်ရမယ့်အလုပ်တွေ ရှိနေတယ်၊ဒါပီးရင် ဘာဆက်လုပ်ရမယ် ဆိုတာ သေသေချာချာသိပြီး နောက်ထပ် လုပ်စရာတွေ အများကြီးရှိနေရင်ကိုပဲ လူ ချမ်းသာ လို ့ ဆိုကြသူ‌ေတွ ရှိလာပါတယ်။ ထားပါတော့ ။ဘယ်လိုလူ ပဲ ဖြစ်ဖြစ် ဘဝမှာ ကိုယ်စီကိုယ်စီ ဒုက္ခဆင်းရဲတွေ ကို တော့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရသလို ဘဝဆိုတာ ရှိသရွေ့ ထပ်မံ ရင်ဆိုင်သွားကြမယ့် သူများသာ ဖြစ်ပါတယ်။ ဒုက္ခဆင်းရဲတွေ ၊အခက်အခဲတွေ များလွန်းလို့ ဖခင်ဖြစ်သူဆီမှာ ညည်းတွား ငိုကြွေးမိတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ မိန်းကလေး က သူ့အဖေကို ပြောပြတယ်။

” ဘဝမှာ ဒုက္ခတွေ အရမ်းများလို့ သမီးဘယ်လို လုပ်ရမှန်းမသိဘူးဖေဖေ။ဒီဒုက္ခ တွေနဲ့ နပန်းလုံးရတာ အရမ်းပင်ပန်းလှပြီ။ ဘယ်တော့မှ ပြီးမယ်မသိဘူး။ ပြဿနာတစ်ခုဖြေရှင်းပြီးရင် နောက်တစ်ခု က ထပ်ရောက်လာတာပဲ အဖေရယ် “

လို့ ဝမ်းနည်းစွာ ရင်ဖွင့် ပြောဆို လာပါတယ်။

အဖေဖြစ်သူက စာဖိုမှုး ကြီး တစ်ဦးပါ။ သူ့သမီးကိုမီးဖို‌ေချာင်ထဲခေါ်သွားတယ်။ အိုးသုံးလုံးရေထည့်ပြီးတည်လိုက်တယ်။ အောက်က မီးအပူပေးလိုက်တယ်။ ဆူပွက်လာတော့ ပထမအိုးထဲ အာလူးကို ထည့်ခိုင်းတယ်။ ဒုတိယအိုးထဲကို ကြက်ဉ ထည့်ခိုင်းတယ်။ တတိယ အိုးထဲကို ကော်ဖီစေ့ ထည့်ခိုင်းလိုက်တယ်။ ပြီးရင် ထိုင်ပြီးစောင့်ကြည့်ခိုင်းထားတယ်။ စကားလည်စတစ်ခွန်းမှမပြောပဲ နေတယ်။

သမီးလည်း အဖေ ဘာလို့ လုပ်ခိုင်းရတာပါလိမ့်ဆိုပြီး စဉ်းစားမရဖြစ်နေတယ်။ မိနစ်နှစ်ဆယ်လောက်ကြာတော့ မီးပိတ်ပြီး အိုးတွေထဲက တစ်ခုစီ ထုတ်ခိုင်းလိုက်တယ်။

” ဘာကိုမြင်သလဲ “လို့မေးတယ်။

သမီးက “အာလူး၊ကြက်ဥနဲ့ ကော်ဖီစေ့ လေ ဖေဖေ “လို့ ဖြေတယ်။

” အ‌နီးကပ် သေချာချာ လေ့လာကြည့်ပါဦး”ဆိုတော့ ပထမအိုးထဲက အာလူးကို သမီးက လက်နဲ့တို့ထိ ကြည့်ပီး

” စထည့်တုန်းက အာလူးက အတော်လေးအကြမ်းခံ အမာခံလို့ထင်တာ။ဒါပေမယ့် အခုတော့ ပျော့အိသွားတယ် “

“ဒုတိယအိုးထဲက ကြက်ဥကျတော့ ကွဲကြေလွယ်တဲ့ အခွံပါးပါးလေးရှိပေမယ့် အပူကြောင့် အထဲက အသားတွေ မာသွားတယ်”"တတိယအိုးဆီက ကော်ဖီစေ့တွ ကတော့ အနံ့‌ေလး အရမ်းမွှေးတယ်ဖေဖေ "လို့ ဖြေတယ်။ သမီးက သူ သတိထားမိတဲ့ အတိုင်း လက်ပိုက်ပြီးကြည့်နေတဲ့ အဖေဖြစ်သူကို သေချာ ပြောပြလိုက်တယ်။

အဖေဖြစ်သူက ပြောတယ်။

“အဲဒီအထဲက သမီးက ဘယ်တစ်ခုလဲ “

“ရှင် အဖေ”

” ဒုက္ခ ဆင်းရဲတွေ သမီးတံခါးဝကို လာပြီး တံခါးခေါက်လာတဲ့အခါ သမီး ဘယ်လို တုန့်ပြန်မှာလဲ၊ သမီးက အာလူးလား၊ကြက်ဥလား၊ကော်ဖီစေ့လား”

သမီးဖြစ်သူ နားမလည်ဟန်စဉ်းစားနေတုန်း အဖေက ထပ်ပြောတယ်။

” သမီး….အာလူး၊ကြက်ဥနဲ့ ကော်ဖီစေ့တွေဟာ တူညီတဲ့ ပါတ်ဝန်းကျင်အခြေအနေကို တွေ့ကြုံခံစားခဲ့ကြရတာပဲ။ ဒါပေမယ့် သူတို့တွေ ရဲ့ တုန့်ပြန်ပုံချင်းမတူညီကြဘူး။” အာလူးကတော့ မာတယ်၊အကြမ်းခံတယ်။ဒါပေမယ့် ပျော့ပြဲသွားတယ်။ ကြက်ဥကတော့ ကွဲကြေလွယ်တယ်။ပြုတ်လိုက်တော့ အတွင်းက မာကြောလာတယ်။

ကော်ဖီစေ့ကတော့ ထူးခြားတယ်။ သူ့ဆီက မွှေးပျံ့တဲ့ ရ နံ့တွေ ထွက်လာတယ်” "လောကကြီးမှာ ပြသနာတွေ၊ဖိအားတွေ၊ပူလောင်မှုတွေ ရှိကြတာချည်းပါပဲ။ အဲဒီ ပြဿနာတွေ ရင်ဆိုင်ရင်း သမီး ဟာ ဘယ်လိုလူစား အဖြစ်ရင်ဆိုင်မလဲဆိုတာ သမီးကိုယ်တိုင်ရွေးချယ်ရမယ်" "ပျော့ညံ့သွားမယ့်သူလား၊မာကြောလာမယ့်သူလား၊အများနှစ်သက်ဖွယ် ရနံ့တွေ ထွက်လာမယ့်သူလားဆိုတာ ကို သမီးရွေးချယ်ဆုံးဖြတ်ပါ"

“သမီးဘယ်သူလဲ” သမီးလည်း ကောင်းစွာ သဘောပေါက်ပြီး အဖေကို ပြုံးပြရင်း အဖေဖြစ်သူကို ဖက်ထားလိုက်ပါတော့တယ်။

ဒီ ဥပမာလေးကနေ ဘဝ အတွက် ထားရှိရမယ့် စိတ်ဓတ်ရေးရာ အားပေးမှုတစ်ခု ရရှိခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ ပါတ်ဝန်းကျင်မျိုးစုံ၊အဖြစ်အပျက်မျိုံးစုံကို တွေ့ကြုံ ရင်ဆိုင်‌ေနကြရမှာပဲဖြစ်ပါတယ်။အားလုံးရင်ဆိုင်ကြရမှာပါ ။ အရေးကြီးတာကတော့ ကျွန်တော်‌တို့တွေ ဘယ်လိုရင်ဆိုင်သွားသလဲ၊ ရင်ဆိုင်ပြီး ဘာဖြစ်သွားကြသလဲ ဆိုတာ ပါပဲ။ ကျွန်တော်တို့ ဘယ်လိုလူစားတွေ ဖြစ်ကြမှာလဲ ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် မေးမြန်းအဖြေရှာ သွားကြရမှာပဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

ရဲထွဋ်ခေါင်

(Inspired by 4 recruitment services)

Design a site like this with WordPress.com
Get started